
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၇ ရက်
တနင်္သာရီတိုင်း ၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်၊ ကျောက်အိုင်ကျေးရွာ နှင့် မယ်ကဲ ကျေးရွာနှစ်ရွာအတွင်းသို့ ယနေ့ ဇွန်လ ၇ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်း မှဗုံးကြဲ၍ နေအိမ်ပေါ်ရှိ သားအဖ နှစ်ဦး သေဆုံးသွားပြီး ဒေသခံ ခုနှစ်ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သရက်ချောင်း မြို့နယ်၊ တောင်ပျောက်တိုက်နယ် အတွင်းရှိ ကျောက်အိုင်ကျေးရွာ နှင့် မယ်ကဲ ကျေးရွာ အတွင်းသို့ ယနေ့ ဇွန် ၇ ရက် နေ့လည် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် ဂျက်ဖိုက်တာ ဖြစ်လေကြောင်း မှ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဘာတိုက်ပွဲမှာမရှိဘဲနဲ့ ဂျက်ဖိုက်တာ နဲ့ ပေါင် ၂၀၀ဗုံး နှစ်လုံးလာကြဲသွားတယ်။ကျောက်အိုင်ရွာ နဲ့ မယ်ကဲရွာအနီး ဥယျာဥ်ခြံအတွင်းကို လေကြောင်းကနေဗုံးနဲ့လာကြဲသွားတာ။ လေယာဥ်ပေါ်ကနေ စက်ကလေး နဲ့ လည်း ပစ်သွားသေးတယ်။ ကျောက်အိုင်ရွာက သားအဖ နှစ်ဦး ပွဲချင်းပြီးဆုံးသွားတယ်။ သူတို့အိမ်လည်းပြိုသွားတယ်။မိသားစုတွေထဲက ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ သေသွားတဲ့ သားအဖက အိမ်ပေါ်မှာပဲနေနေကြတာ။ သားအဖ နှစ်ယောက်ရဲ့ ရုပ်အလောင်းက တစ်စစီ ဖြစ်သွား တယ်။ ဦးခေါင်းတွေလည်း မရှိတော့ဘူး” ဟုသရက်ချောင်းမြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကျောက်အိုင်ရွာရှိ အသက် (၆၀) ကျော်အရွယ် ဦးသန်းအောင် နှင့် သားဖြစ်သူ အသက် (၁၁) နှစ် အရွယ် မောင်သန်းဝေထွေးတို့ သားအဖ နှစ်ဦးစလုံး သေဆုံးခဲ့ပြီး ဒေသခံ ခုနှစ်ဦးသည်လည်း အပြင်းအထန်ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။
ထိုသို့ ဗုံးကြဲခံရသည့် သရက်ချောင်းမြို့နယ် ၊ တောင်ပျောက်တိုက်နယ် အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီဖြစ်ပြီး ရွာအနီးဝန်းကျင်ဖြစ်သည့် ဝင်းဝ ဘက်တွင်သာ တိုက်ပွဲများ ဖြစ်လေ့ရှိကြောင်း ဒေါင်းမင်းစစ်ဆင်ရေးတပ်ဖွဲ့ထံမှ သိရသည်။
“ကျွန်တော်တို့ တောင်ပျောက်တိုက်နယ် မှ တိုက်ပွဲ မဖြစ်တာ တစ် နှစ်ကျော် ရှိပြီ။ ဝင်းဝဖက် မှာသာ တိုက်ပွဲတွေဖြစ်နေကြတာ။ အခုက ဘာမှမဖြစ်ဘဲနဲ့ ဗုံးလာကြဲသွားတာ။ စစ်ကောင်စစီရဲ့ တယ်လီဂရမ်ချာနယ်ဖြစ်တဲ့ အမဲလိုက်မုဆိုးကြီးအကောင့်က တောင်ပျောက်တိုက်နယ်ထဲ မှာ ဆေးပေးခန်းတွေ နဲ့ NUG စာသင်ကျောင်းတွေရှိတယ်လို့ယူဆပြီး ဗုံးကြဲဖို့လိုကြောင်း သတင်းပေး လှုံ့ဆော်ထားတာတွေ အခုရက်ပိုင်းက တင်ထားတာရှိသည်”ဟု ဒေါင်းမင်းစစ်ဆင်ရေး တာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးပတ်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သရက်ချောင်းမြို့နယ်အတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ဒေသခံ နှစ်ဦးသေဆုံးခဲ့သည်။
ဓာတ်ပုံ ၊ ဒေါင်းမင်းစစ်ဆင်ရေး
ပုံစာ–ဒီကနေ့ မွန်း လွဲပိုင်းက သရက်ချောင်း မြို့နယ်၊တောင်ပျောက်တိုက်နယ်အတွင်း သို့ စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများကိုတွေ့ရစဥ်။
#သရက်ချောင်းမြို့နယ် #လေကြောင်းဖြင့်ဗုံးကြဲ #နေအိမ်ပေါ်ရှိ #သားအဖ၂ဦးသေဆုံး #၇ဦးခန့်ဒဏ်ရာရ #Ayeyarwaddy_Times