ကိုကိုမောင် / ဧရာဝတီတိုင်းမ်
မုံရွာ/ ဇွန် ၂၈ ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ၊ တုံရွာအုပ်စု၊ တောကျောင်းရွာမှပျောက်ဆုံးနေသူများအနက်မှ ရုပ်အလောင်း ၂ ခုကို ဇွန်လ ၂၈ ရက် ယနေ့မနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများထံကသိရသည်။ ဇွန်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ဒေသခံများဖမ်းဆီးခံခဲ့ရကာ ၆ ဦးဝန်းကျင်ပျောက်ဆုံးနေခဲ့ရာမှ ယနေ့မနက်ပိုင်းတွင် ၂ ဦးကိုပြန်လည်တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ရုပ်အလောင်း ၂ ခုမှာ တောကျောင်းရွာသား ကိုကျင်ဝက်နဲ့ကိုပေါက်စီ ဆိုသူ ၂ ဦးဖြစ်ပြီး ၄င်းတို့ကို တုံရွာတောင်ဘက်ရှိ ရွှေအိုးကြီးဘုရားအနီးတွင်ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကာ အလောင်းများမှာ ပေါက်တူးဖြင့်ခုတ်ဖြတ်ခံထားရပြီး မြေမြုပ်အလောင်းဖျောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
” တုံရွာတောင်ဘက် ရွှေအိုးကြီးဘုရားနားမှာ အပုတ်နံရလို့ သွားကြည့်ကြတာ၊ အလောင်းတွေကပျက်တောင်နေပြီ။ အပိုင်းပိုင်းခုတ်သတ်ပြီး မြေမြှုပ်ထားတာ။ ၂ ယောက်ပဲ ပြန်တွေ့သေးတယ်။ ရွာမှာလက် ရှိပျောက်နေတဲ့သူကတော့ ၆ယောက်လောက်ရှိမယ်။ အဲ့ဒီအလောင်းတွေကိုမီးရှို့သဂြိုလ်ပေးလိုက်တယ်” ဟု ဒေသခံတဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်သည် ဇွန်လ ၂၁ ရက်နေ့ကစ၍ လက်ပံတောင်းတောင်ဒေသအနီးရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံများကိုဖမ်း ဆီးသတ်ဖြတ်ခြင်း၊ ရွာမီးရှို့ခြင်းများလုပ်ဆောင်နေသဖြင့် ရွာပေါင်း ၂၀ ဝန်းကျင်က ဒေသခံ ၂ သောင်းဝန်းကျင် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။ လက်ရှိတွင် အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် သံကြိုတိုင် ကျောက်ဖြူကျေးရွာများဘက်သို့ဆက်လက် စစ်ကြောင်းထိုးနေကြောင်းဒေသခံများထံမှသိရသည်။