ဧရာဝတီတိုင်းမ်
ဇွန် ၇ ရက်

စစ်ကောင်စီ၏ အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် မေလ တစ်လတာအတွင်း အမျိုးသမီး ၉၂ ဦးသေဆုံးခဲ့ပြီး ၈၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြာင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်မေလအတွင်း လေကြောင်းတိုက်ခိုက်မှုများကို ပြင်းထန်စွာပြုလုပ်ခဲ့သည့်အတွက် အမျိုးသမီး စုစုပေါင်း ၈၁ ဦးအထိ သေဆုံးခဲ့ကာ လက်နက်ကြီးထိမှန်ခြင်းကြောင့် လေးဦးသေဆုံးပြီး သတ်ဖြတ်ခံရမှုကြောင့် လေးဦး သေဆုံးခဲ့ရကြောင်း သိရသည်။

သေဆုံးခဲ့သည့် အမျိုးသမီး ၉၂ ‌‌ဦးအနက် ၂၉ ဦးမှာ အသက်မပြည့်သေးသည့် မိန်းကလေးငယ်များဖြစ် ကြောင်းလည်း BWU ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် တစ်လတာအတွင်း စစ်ရေးပြင်းထန်နေသည့် စစ်ကိုင်းတိုင်းဒေသကြီးတွင် အမျိုးသမီး ၄၁ ဦးအထိသေဆုံးခဲ့ပြီး သေဆုံးမှုအများဆုံးဖြစ်ကာ ဒုတိယအနေဖြင့် ရခိုင်ပြည်နယ်တွင် ၁၆ ဦးအထိ သေဆုံးခဲ့၍ မန္တလေးတိုင်းဒေသကြီးတွင် ၁၄ ဦးအထိ သေဆုံးခဲ့ရကြောင်းလည်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အမျိုးသမီးများအပေါ် သတ်ဖြတ်မှုများသည် မေလအတွင်းအရေအတွက် ပိုမိုမြင့်တက်လာခဲ့ပြီး ပြီးခဲ့သည့် ဧပြီလတွင်မူ ၇၁ ဦးအထိရှိခဲ့ကာ လေကြောင်းတိုက်ခိုက်မှုကြောင့်ပင် သေဆုံးမှုအများဆုံး
ဖြစ်ခဲ့သည်။

ဓာတ်ပုံ – အင်တာနက်
ပုံစာ – ရွှေကျင်ရှိ မင်္ဂလာဆောင်ဗုံးကြဲခံရမှုတွင် သေဆုံးခဲ့သည့် သတို့သမီး

#အမျိုးသမီး #သေဆုံး #စစ်ကောင်စီ #သတ်ဖြတ် #မေလ #လေကြောင်းတိုက်ခိုက်ခံရ #BWU #Ayeyarwaddy_Times