နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၇ ရက်

စစ်ကောင်စီနှင့်အတူ လက်အောက်ခံ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ဆုံးဖြတ်ချက်အရ ဘယ်လာရုစ်နိုင်ငံနှင့် စာချုပ်ချုပ်ထားသဖြင့် အရေးယူမှုများခံရလိမ့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)ထံမှ သိရသည်။

UMFCCI သည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်ကိုင်တုတ်အဖြစ် ဆောင်ရွက်နေသလို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ILO ပုဒ်မ ၃၃ ဖြင့် အရေးယူခံရသော ဘယ်လာရုစ်နိုင်ငံနှင့် စီးပွားရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန် စာချုပ်ချုပ်ဆိုထားကာ လက်ရှိတွင်လည်း ၎င်းတို့ကို ILO က ပုဒ်မ ၃၃ ချမှတ်ခဲ့ကြောင်း သိရသည်။

“UMFCCI ကတော့ ပုဒ်မကြီးတယ်ဗျ။ ဘယ်လာရုစ်ကို ILO ကနေ အလုပ်သမားအခြေခံ အခွင့်အရေးချိုးဖောက်မှုကြောင့် Article 33 ဆုံးဖြတ်ချက် ချထားကို သိရဲ့သားနဲ့ (စစ်ခေါင်းဆောင်) မင်းအောင်လှိုင်နဲ့ ဒီနှစ်နှစ်ဆန်းက လိုက်သွားပြီးတော့ စာချုပ်တွေ ထိုးခဲ့တယ်” ဟု CTUM ဥက္ကဋ္ဌ ဦးမောင်မောင်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) သည် ကုလသမဂ္ဂ(UN) လက်အောက်တွင်ရှိပြီး အဖွဲ့ဝင်နိုင်ငံ ပေါင်း ၁၈၇ နိုင်ငံဖြင့် ဖွဲ့ထားသလို ပုဒ်မ ၃၃ တွင် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံက ILO ပြဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်ပါက မည်သို့သော လုပ်ဆောင်မှုမျိုးကိုမဆို ဆောင်ရွက်နိုင်ကြောင်း ပြဋ္ဌာန်းထားကြောင်း သိရသည်။

ယင်းအပြင် ILO အနေဖြင့် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံက အလုပ်သမားအခွင့်အရေးများနှင့် စံချိန်စံညွှန်း များကို လိုက်နာမှုမရှိပါက ထိုနိုင်ငံအပေါ် အရေးယူမှုများ ပြုလုပ်နိုင်၍ UMFCCI သည် စစ်ကောင်စီနှင့်အတူ ချိုးဖောက်လျက်ရှိနေသောကြောင့် ကြီးလေးသော အရေးယူမှုများ ခံရနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့က Article 33 မချခင်ကတည်းက Article 33 ချထားတဲ့ နိုင်ငံကိုသွားပြီး အလုပ်လုပ်တယ်။ တော်တော်သတ္တိ ကောင်းတယ်။ အဲဒီဆေးတော့ သူတို့စားရမှာပဲ။ ILO ကို သွားတယ်။ ချထားတဲ့ အခြေခံစည်းကမ်းတွေကျ မလိုက်နာဘူးဆိုတော့ တော်တော်ရိုင်းတယ်လို့ ပြောချင်တယ်” ဟု CTUM ဥက္ကဋ္ဌ ဦးမောင်မောင်က ဆိုသည်။

စစ်ကောင်စီကို ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ယခုနှစ်၊ ဇွန် ၅ ရက်က ကျင်းပသော (၁၁၃) ကြိမ်မြောက် အလုပ်သမားရေးရာ ညီလာခံတွင် ILO က ပုဒ်မ ၃၃ ဖြင့် အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်သည် ဒုတိယဖြစ်ကာ ၂၀၀၀ ခုနှစ်ကလည်း ထိုကဲ့သို့ အရေးယူခြင်းခံခဲ့ရသည်။

အဆိုပါညီလာခံ မတိုင်ခင် ILO ၏ ဥပဒေဌာနက မြန်မာနိုင်ငံနှင့် ပတ်သက်၍ စစ်ကောင်စီ နှင့် အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) တို့ကို လက်မခံသော်လည်း အလုပ်သမားအခွင့်အရေးကို ပြောဆိုနိုင်ရန် ၎င်းတို့အသိ အမှတ်ပြု CTUM ကို ပြောခွင့်ပေးသည်ဟု ထုတ်ပြန်ခဲ့သဖြင့် စစ်ကောင်စီဘက်မှ UMFCC ကိုယ်စားလှယ်ဒေါ်ခိုင်ခိုင်နွယ်သာ တက်ရောက်ခဲ့ကြောင်း သိရသည်။

“ချက်ချင်းကြီး လာပြီးတော့ တံခါးပိတ်သွားမှာတော့ မဟုတ်ဘူး။ သို့သော် သူ့ကို ဆက်ဆံမှုတွေတော့ ရပ်သွားပါလိမ့်မယ်။ ဘယ်လိုဖြစ်မလဲ ဆိုတာကိုတော့ ကျွန်တော်အခု မပြောတတ်သေးဘူး။ သို့သော် ILO အစီအစဥ်အတိုင်း ဆက်လက်လာပါလိမ့်မယ်” ဟု CTUM ဥက္ကဋ္ဌ ဦးမောင်မောင်က ဆက်လက်ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)သည် လွန်ခဲ့သော ၁၉၉၆ ခုနှစ်မှစ၍ ILO ၏ အစုအဖွဲ့ဖြစ်သည့် အလုပ်သမားဂရုတွင် အဖွဲ့ဝင်ဖြစ်သောကြောင့် ညီလာခံတွင် NUG သုံးပွင့်ဆိုင်ကိုယ်စား လှယ်အဖွဲ့ကိုယ်စား CTUM ဥက္ကဋ္ဌ ဦးမောင်မောင်က အဖွင့်အမှာစကား ပြောရခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

ယင်းကဲ့သို့ အသိအမှတ်ပြုသွားရန် ကျန်ရှိ NUG အစိုးရ၊ အလုပ်ရှင်အနေဖြင့်လည်း ဆက်လက် ကြိုးစားနေပြီး ယခုရက်ပိုင်းအတွင်း ၎င်းတို့၏ အလုပ်ရှင်အဖွဲ့အစည်းနှင့် ILO ၏ အလုပ်ရှင်နှင့် ပတ်သက်သည့် ဌာနဖြစ်သော ACTEMP တို့ တွေ့ဆုံနိုင်ရန် စာပေးစာယူလုပ်၍ ချိန်းဆိုလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ၊ CTUM
#ကုန်သည်စက်မှုအသင်းချုပ် #UMFCCI #ဘယ်လာရုစ် #စာချုပ်ချုပ်ဆို #ILO#အရေးယူခံရမည် #Ayeyarwaddy_Times