ဧရာဝတီတိုင်းမ်
ဇွန် ၇ ရက်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားသည် စစ်ကောင်စီ၏ ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးကို လာရောက်တွေ့ဆုံ၍ လုံခြုံရေး ဆိုင်ရာကိစ္စများကို ဆွေးနွေးကြောင်း စစ်ကောင်စီက ဖော်ပြထားသည်။

စစ်ကောင်စီကာကွယ်ရေးဝန်ကြီးနှင့်တရုတ်သံအမတ်ကြီးတို့သည် ယမန်နေ့ ဇွန် ၆ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ကာကွယ် ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ငလျင်ဘေးဒဏ်အပြီး ပြန်လည်ထူထောင်ရေးကိစ္စရပ်များတွင် ပါဝင်ကူညီနိုင်ရေး ကိစ္စရပ်များ ဆွေးနွေးကြောင်းသိရသည်။

မြောက်ပိုင်းညီနောင် မဟာမိတ် သုံးဖွဲ့တွင် ပါဝင်သည့် TNLA သည် ရှမ်းပြည်နယ်မြောင်ပိုင်းတွင် စစ်ရေးအရအောင်မြင်မှုများရရှိကာ စစ်ကောင်စီထိန်းချုပ်ရာ ဒေသအများစုကို တိုက်ခိုက်သိမ်းပိုက် ထားသော်လည်း လက်ရှိတွင် တရုတ်နှင့်စစ်ကောင်စီတို့၏ ဖိအားပေးခံနေရကြောင်း ဇွန် ၅ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် TNLA က ထုတ်ဖော်ပြောကြားထားသည်။

ထို့ပြင် စစ်ကောင်စီသည် TNLA ထိန်းချုပ်ထားသော နောင်ချို့၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များကို ပြန်လည်ရရယူရန်ကြိုးစားလျက်ရှိကြောင်းသိရသည်။

တရုတ်အစိုးရသည် ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားရာ လားရှိုးမြို့ကိုစစ်ကောင်စီထံ ပြန်လည်ပေးအပ်ရန် ကြားဝင်ညှိနှိုင်းပေးခဲ့ပြီး လားရှိုးမြို့တွင် တရုတ်အစိုးရညှိနှိုင်းရေးရုံးဖွင့်လှစ်ထားကြောင်း သိရသည်။

ပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံတွင် ၎င်းတို့၏ အကျိုးစီးပွားများစွာရှိနေသော တရုတ်အစိုးရသည် စစ်ကောင်စီနှင့် တွေ့ဆုံမှု၊ မြောက်ပိုင်းတပ်ဖွဲ့များနှင့်တွေ့ဆုံမှုများကို မကြာခဏပြုလုပ်လျက်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ (EROs)ကို ဖိအားပေးလေ့ရှိသည်။

ပြီးခဲ့သည့်နှစ်နှစ် ၁၀၂၇ စစ်ဆင်ရေးတွင် မြောက်ပိုင်း မဟာ မိတ်ညီနောင် သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA နှင့် ရက္ခိုင့်တပ်တော် AA တို့က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ပေါင်း ၂၀ ကျော်ကိုသိမ်းယူနိုင်ခဲ့သည်။

ဓာတ်ပုံ – MOI
#စစ်ကောင်စီကာကွယ်ရေးဝန်ကြီး #တရုတ်သံအမတ် #မစ္စမာကျား #ကာကွယ်ရေး #လုံခြုံရေး #TNLA #သတင်းစာရှင်းလင်းပွဲ #Ayeyarwaddy_Times