ဧရာဝတီတိုင်းမ်
(မန္တလေး)၊ ဇွန် ၇ ရက်

မန္တလေးတိုင်း၊ မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် သေ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ၄၉ ဦးကို မြန်မာ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က အမည်များနှင့်တကွ ထုတ်ပြန်ခဲ့သည်။

ပြင်းထန်စစ်ကိုင်းငလျင်ကြောင့် အိုးဘိုထောင်အတွင်းရှိ အဆောက်အဦများပြိုကျကာ နိုင်ငံရေးအကျဉ်းသား ၇၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၎င်းတို့အနက် အတည်ပြုနိုင်သည့် သေဆုံးအကျဉ်းသား၊ အကျဉ်းသူ ၄၉ ဦး၏ အမည်စာရင်းနှင့် စစ်ကောင်စီကတရားစွဲဆိုခဲ့သည့်ပုဒ်မများကို PPNM က ယနေ့ ဇွန် ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဒီနှစ်လတာအတွင်းမှာ လုံလောက်တဲ့စောင့်ကြည့်မှုနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် စစ်ကောင်စီက လိမ်ချင်ရင်တောင် လိမ်လို့မရအောင် အခုလိုမျိုးနာမည်နဲ့တကွ တိတိကျကျထုတ်ပြန်ရချင်းဖြစ်တယ်။ ဝါဒဖြန့်နေတယ်လို့ စွပ်စွဲပြီး ပြန်လည်ချေပတာမျိုးမဖြစ်ဖို့အထိကိုပါ အနည်းဆုံးအရေအတွက်ဖြစ်တဲ့ ၄၉ ဦးကို ကျွန်တော်တို့မှတ်တမ်းပြုစုရရှိသမျှ အရေအတွက်ကို ထုတ်ပြန်ပြောဆိုတာဖြစ်ပါတယ်” ဟု PPNM အဖွဲ့အစည်းတာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြောင့် အကျဉ်းသားသေဆုံးမှုများနှင့် ပတ်သက်ပြီး သတင်း ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ထို့အပြင် လက်ရှိရရှိထားသည့် နိုင်ငံတကာအကူအညီများကိုလည်း အကျဉ်းထောင်အတွက် သုံးစွဲခဲ့ခြင်း မရှိသလို သေဆုံးသူနှင့်၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများကိုလည်း ဆေးကုသပေးခြင်း၊ ထောက်ပံ့စရိတ် ပေးခြင်းတို့ မရှိကြောင်း သိရသည်။

အကျဉ်းသားများ သေဆုံးမှုများပြားရခြင်းမှာ ထောင်အာဏာပိုင်များ၏ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း‌ကြောင့် ဖြစ်ပြီး အရေးပေါ်အခြေအနေတွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများကို ထောင်တွင်း ဆက်လက်ပိတ်ထားခြင်းများပြုလုပ်ခဲ့သည့်အတွက် ယခုကဲ့သို့ အစုလိုက်အပြုံလိုက်သေဆုံးမှုအထိ ဖြစ်စေခဲ့ခြင်းဖြစ်ကြောင်း PPNM က ဆိုသည်။

“ဒီအပေါ်မှာလည်း တာဝန်ယူမှုတာဝန်ခံမှု ရှိရှိနဲ့လုပ်ဆောင်ဖို့ပြောချင်ပါတယ်။ နိုင်ငံတကာနည်းစနစ် အတိုင်း မိမိတို့ရဲ့လုပ်ရပ်၊ ကျူးလွန်မှုနဲ့ပတ်သက်ပြီးနှုတ်ထွက်တာမျိုးပဲဖြစ်ဖြစ် တောင်းပန်တာမျိုးပဲ ဖြစ်ဖြစ် ဒီရဲ့ကိစ္စရပ်ပေါ်မှာ အမှားကိုဝန်ခံပြီး တာဝန်ယူမှု တာဝန်ခံမှုရှိပါလို့ပဲပြောချင်ပါတယ်ခင်ဗျ” ဟု ကိုသိုက်ထွန်းဦးက ဆက်လက် ပြောသည်။

သေဆုံးခဲ့ကြောင်းအတည်ပြုနိုင်သူများထဲတွင် နိုင်ငံရေး အကျဉ်းသူ ၁၈ ဦး ပါဝင်ပြီး စစ်ကောင်စီ ၏သတင်း အမှောင်ချထားမှုများအပြင် ၎င်းတို့ကိုယ်တိုင် သေဆုံးသူများကို သင်္ဂြိုဟ်ခြင်း များပြုလုပ်ခဲ့ သည့်အတွက် မိသားစုဝင်များမှာ သေဆုံးသည်ကိုမသိပဲ ရက်လည်ဆွမ်းကျွေးပင် ပြုလုပ်နိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။

လက်ရှိအချိန်အထိ အိုးဘိုအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများမှာ အခက်အခဲများကြုံတွေ့ နေရပြီး အကူအညီများလိုအပ်နေသည့်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး လှုပ်ရှားနေကြသည့်အဖွဲ့အစည်းအစည်းများမှ အကူအညီများပေးကြရန်လည်း PPNM ကတောင်းဆို ထားကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#အိုးဘိုထောင် #စစ်ကိုင်းငလျင် #သေဆုံး #နိုင်ငံရေးအကျဉ်းသား #နိုင်ငံရေးအကျဉ်းသူ #၄၉ဦးသေဆုံး #PPNM #Ayeyarwaddy_Times