
(မရာ)၊ဧရာဝတီတိုင်းမ်
ဇွန် ၆ရက်
ချင်းပြည်နယ်၊ မရာနယ်မြေ မရာပြည်သူများ လုံခြုံရေးအတွက် စစ်ထဲမဝင်မနေရစနစ်ကို ပြဌာန်းထားကြောင့် မရာနယ်မြေကောင်စီ/ မရာကာကွယ်ရေးတပ် (MTC/MDF) ၏ ကာကွယ်ရေး အတွင်းရေးမှူး ဓူဝံ ထံမှ သိရသည်။
စစ်ကောင်စီသည် တပ်အင်အားတည်ဆောက်နေသည့်အတွက် မရာနယ်မြေသည် လုံခြုံစိတ်ချရသည့် ဒေသမဟုတ်သောကြောင့် နယ်မြေလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားသည့်သဘောဖြင့် စစ်မှု ထမ်းစနစ် ပြဌာန်းရခြင်းဖြစ်သည်။
“ဘာကြောင့် ပြဌာန်းရသလဲဆိုတော့ အခု စစ်ကောင်စီလည်း အင်အားတည်ဆောက်နေတယ်ဆိုတော့ ကိုယ့်ဒေသကို လုံးလုံးစိတ်ချလို့ရပြီဆိုတာ မဟုတ်သေးတော့ ပြည်သူ့အားနဲ့ အမြဲအဆင်သင့် ပြင်ဆင် ထားဖို့လိုတယ်။ ကိုယ့်ကျေးရွာ၊ တိုက်နယ်၊ နယ်မြေလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ သဘော ပါ” ဟု MTC/MDF ၏ ကာကွယ်ရေးအတွင်းရေးမှူး ဓူဝံ က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် တတိယအကြိမ် မာရာ ပြည်သူ့ညီလာခံ၏ ပထမအကြိမ် ဗဟိုကောင်စီ အစည်းအဝေးတွင် ယခုကဲ့သို့ စစ်မှုထမ်းဥပဒေကို အတည်ပြုခဲ့ခြင်းဖြစ်သည်။
မာရာနယ်မြေရှိ ဘာသာရေးဆရာ နှင့် ကျန်းမာရေးချို့ယွင်းသူမှလွဲပြီး အသက် ၁၈ နှစ်မှ အသက် ၄၅ နှစ်ကြားရှိ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုထမ်းရမည်ဖြစ်ပြီး ပြည်သူများ ပူးပေါင်းပါဝင်ရန် တိုက်တွန်းထားသည်။
“စစ်မှုထမ်းစနစ် ပြဌာန်းရခြင်းဟာ အရေးပေါ်ကာလတွေမှာ ကိုယ့်နယ်မြေလုံခြုံရေးအတွက် ပြည်သူ တွေဘက်က ပူပေါင်းပါဝင်ဖို့ လိုအပ်တာဖြစ်တဲ့အတွက် ပြဌာန်းရတာဖြစ်တာကြောင့် ပြည်သူတွေ အနေနဲ့ လိုလိုလားလားပူးပေါင်းစေချင်ပါတယ်”ဟု MTC/MDF ၏ ကာကွယ်ရေးအတွင်းရေး မှူး ဓူဝံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် စစ်မှုထမ်းဥပဒေသည် မိမိဒေသ၊ ကျေးရွာ လုံခြုံရေးများ တာဝန်ယူနိုင်ရန် ရည်ရွယ်၍ အဓိက လုပ် ဆောင်ခြင်းဖြစ်သည့်အတွက် အရေးကြုံလာပါက တာဝန်အပြည့်ထမ်းဆောင်နိုင်ကြရန် အရံတပ်ဖွဲ့ အနေဖြင့် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
MTC/MDF သည် မတူပီမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် နေထိုင်သည့် မရာ(ချင်း) ပြည်သူများကို အုပ်ချုပ်လျက်ရှိကာ ချင်းညီနောင်(CB) အဖွဲ့ဝင်လည်းဖြစ်သည်။
ပုံစာ- မရာကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဥ်(ပုံအဟောင်း)
#စစ်ကောင်စီ #အင်အားတည်ဆောက် #မရာနယ်မြေလုံခြုံရေး #စစ်မှုထမ်းဥပဒေပြဌာန်း #MTC_MDF #Ayeyarwaddy_Times