
(မီဇိုရမ်)၊ဧရာဝတီတိုင်းမ်
ဇွန်လ ၆ ရက်
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ရှိ စစ်ဘေးရှောင်စခန်းမှ မြန်မာစစ်ဘေးရှောင် လူငယ် တစ်ဦးသည် လုပ်ငန်းခွင်တွင် မတော်တဆ ဓာတ်လိုက်၍ သေဆုံးခဲ့ကြောင့် စစ်ဘေးရှောင် တာဝန်ရှိသူများထံမှ သိရသည်။
စစ်ဘေးရှောင်လူငယ်တစ်ဦးသည် ယမန်နေ့ ဇွန်လ ၅ ရက်နေ့က လောင်တလိုင်မြို့၊ ပြည်သူ့ဆေးရုံ အဆောက်ဦးများ ဆေးသုတ်ရာတွင် အိမ်ခေါင်မိုးပေါ်မှ ဓာတ်ကြိုးကို မတော်တဆထိမိကာ ဓာတ်လိုက် ပြီးပြုတ်ကျ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။
“အဲလူငယ်က ဆေးသုတ်အငှားလိုက်တာ။ ဆေးရုံအဆောက်အဦးပေါ်တက်ပြီး သွပ်ပြားတွေကို ဆေးသုတ်တာပါ။ ခေါင်မိုးနဲ့အညီမှာ ဓာတ်ကြိုးတွေရှိတယ်။ အဲဒီ မီးကြိုး သွားထိမိပြီး ဓာတ်လိုက်ပြုတ်ကျသေဆုံးသွားတာပါ။ ဆေးရုံချက်ချင်း တင်ပေမယ့် အသက်မမီလိုက်တော့ဘူး” ဟု လောင်တလိုင်ခရိုင်၊ မြန်မာစစ်ဘေးရှောင်တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသူလူငယ်သည် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ကစဲရွာအုပ်စု၊ သီဘောကျေးရွာမှ ဦးသန်းစိုးနှင့် ဒေါ်စံမိုင်းတို့၏ သားအကြီးဆုံး အသက် (၂၀) နှစ်အရွယ် ဆလိုင်းစိုးဝင်းနိုင်ဖြစ်ပြီး ၎င်းသည် မိသားစုစားဝတ်နေရေးအတွက် လောင်တလိုင်ခရိုင်တွင် ကြုံရာအလုပ်ကိုင်သူ လူငယ်တစ်ဦးဖြစ် ကြောင်းသိရသည်။
“လူငယ်က NUG စာသင်ကျောင်းမှာ ၁၂ တန်း အောင်မြင်ထားသူဖြစ်ပါတယ်။ မိသားစုစားဝတ်နေရေး အတွက်ကြောင့် ကျောင်းဆက်မတက်နိုင်ဘဲ အပြင်ထွက်ပြီး အလုပ်လုပ်ကိုင်နေတာပါ။ မိဘတွေ ကလည်း သူ့လုပ်အားခနဲ့ မိသားစုစားဝတ်နေရေး ဖြေရှင်းတာပါ။ အခုလိုဖြစ်သွားတော့ မိဘတွေက အရမ်းခံစားရတယ်။ သားသမီးတွေထဲမှာလည်း သူက အကြီးဆုံးသားလေ”ဟု မြန်မာစစ်ဘေးရှောင် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဆလိုင်းစိုးဝင်းနိုင်တို့ မိသားစုသည် လောင်တလိုင်မြို့၊ ကောင်စီရပ်ကွက် ( Council Veng ) ရှိ မြန်မာစစ်ဘေးရှောင်စခန်းတွင်နေထိုင်ခြင်းဖြစ်ပြီး ၎င်း၏ရုပ်အလောင်းကို ယနေ့ဇွန် ၆ ရက် ညနေပိုင်း တွင် ကောင်စီရပ်ကွက် သုသာန်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ- သေဆုံးသည့် မြန်မာစစ်ဘေးရှောင်လူငယ်၏ နာရေးကို တွေ့ရစဥ်။
#မီဇိုရမ်ပြည်နယ် #လောင်တလိုင်ခရိုင် #မြန်မာစစ်ဘေးရှောင်လူငယ် #ဓာတ်လိုက်သေဆုံး #Ayeyarwaddy_Times