
ဧရာဝတီတိုင်းမ်
ဇွန် ၆ ရက်
ပလတ်စတစ်ညစ်ညမ်းမှူထိန်းချုပ်နိုင်ရေးအတွက် အမျိုးသားအဆင့်ပလတ်စတစ်စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်ထုတ်ပြန်မည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောကြားသည်။
ယမန်နေ့က နေပြည်တော်တွင် ကျင်းပသော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမျိုးသားအဆင့်ပလတ်စတစ်စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ် (National Plastic Action Plan) မူကြမ်းကို ဂျပန် – အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ ၏ နည်းပညာ အထောက်အပံ့ဖြင့် ၂၀၂၃ ခုနှစ်တွင် ရေးဆွဲထားခြင်းဖြစ်ပြီး ယခုအချိန်ထိထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။
ပလတ်စတစ်ညစ်ညမ်းမှုများကို လျှော့ချပြီး ပြည်တွင်းရှိပလတ်စတစ်ကို ပြန်လည်ပြုပြင်ထုတ်လုပ်သည့် (Recycle) လုပ်ငန်းများအားကောင်းလာစေရန်နှင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှုကို တားဆီးကာကွယ်နိုင်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် ပလတ်စတစ်စွန့်ပစ်အမှိုက်များသည် မြို့အတွင်းနေရာများတွင်အလွယ်တကူတွေ့မြင်နေရပြီး အမှိုက်ပုံးထားရှိမှုနည်း၍ စည်းကမ်းမဲ့အမှိုက်ပစ်သူပိုများလာသဖြင့် မြို့သန့်ရှင်းရေးအမှိုက်စနစ်တာဝန် ယူထားသည့် ရန်ကုန်မြို့တော် စည်ပင်သာယာကော်မတီ၏ လုပ်ငန်းတာဝန်ပေါ့လျော့ကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။
ထို့ပြင် တစ်ခါသုံးပလတ်စတစ် စွန့်ပစ်ပစ္စည်း မျာအတွက် စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ ပလတ်စတစ် စွန့်ပစ်ပစ္စည်း စီမံ ခန့်ခွဲမှုနှင့်စပ်လျဉ်း၍ မူဝါဒများနှင့် ကွာဟချက်များရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနထံမှ သိရသည်။
ရှေ့ပြေးစီမံကိန်း ( Pilot City) အဖြစ်ရန်ကုန်မြို့၌ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ အချက်အလက်များ ကောက်ယူထားပြီး ပုသိမ်မြို့နှင့်မော်လမြိုင်မြို့ တို့တွင် အချက်အလက်ကောက်ယူမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။
စစ်ကောင်စီသည် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ နှစ်မြို့နှင့် စက်ရုံဆုပေးရာတွင် မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ ရှမ်းပြည်နယ်( အရှေ့ပိုင်း) ကျိုင်းတုံမြို့ နှင့် သာစည်မြို့နယ်ရှိ Great Success Energy Co.Ltd (၃၀ မဂ္ဂဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း)မှ ရရှိခဲ့သည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ပလတ်စတစ်အမှိုက်စီမံခန့်ခွဲရေး #အမျိုးသားအဆင့်အစီအစဉ်ထုတ်ပြန်မည် #စစ်ခေါင်းဆောင်ဆို
#Ayeyarwaddy_Times