ဧရာဝတီတိုင်းမ်
ဇွန် ၆ ရက်

ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှုးများနှင့်စစ်ကောင်စီတပ်တို့ပူးပေါင်းပြီး လူငယ်အချို့ကို အကြောင်းမကြားပဲ သွားရောက်ခေါ်ဆောင်ပြီး အခြားဒေသများသို့ စစ်မှုထမ်းအစားထိုးအဖြစ် ရောင်းချနေကြောင်းသိရသည်။

ပြီးခဲ့သည့် မေလအစပိုင်းမှ စတင်ပြီးရပ်ကွက်နှင့်ကျေးရွာများတွင် စစ်မှုထမ်း အစားထိုးရန်အတွက် ငွေယူပြီးစစ်သင်တန်းတက်ရန် လက်ခံမည့်သူရှားပါးလာသောကြောင့်ယခုကဲ့သို့ ပြုလုပ်လာခြင်းဖြစ်နိုင်ကြောင်းဒေသခံများကပြောသည်။

“စစ်မှုထမ်းပါတယ်ဆိုပြီး လာခေါ်တယ်၊ နောက် သုံးရက်လောက်ကြာမှ မိဘတွေကိုငွေလာပေးတယ်။ ဘယ်ရွာမှာလူလိုလို့ သူ့ကိုထည့်လိုက်ရတယ်ဆိုပြီးပြောတယ်။ သင်တန်းဆင်းရင် ရှေ့တန်းမထွက်ရတဲ့နေရာ ထားမယ်ဆိုပြီး ကတိပေးတယ်၊ မိဘတွေကတော့ ငိုရုံပဲတတ်နိုင်တယ်”ဟု ကန်ကြီးထောင့်မြို့နယ်မှဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် မေလကုန်နှင့်ဇွန်လအစပိုင်းတွင် လည်း ပုသိမ်မြို့နယ်မှ လူငယ်နှစ်ဦးကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ လာရောက်ခေါ်ဆောင်သွားကာ အခြားကျေးရွာများမှစစ်မှုထမ်း အစားထိုးအဖြစ်ပို့ဆောင်ပြီးမိဘများကိုငွေကြေးလာရောက်ပေးကြောင်းသိရှိရသည်။

စစ်ကောင်စီမှ ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ရန် တပ်ဖွဲ့ဝင်အင်အားလုံလောက်မှုမရှိတော့သည့်အတွက် ဧရာ၀တီတိုင်းအပါအ၀င် တိုင်းနှင့်ပြည်နယ်အချို့တွင် လူငယ်များကို အကြောင်းအမျိုးမျိုးပြကာ အဓမ္မဝင်ရောက်ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။

#ဧရာ၀တီတိုင်း #လူငယ်အချို့ #အခြားဒေသများသို့ #စစ်မှုထမ်းအစားထိုးအဖြစ် #ရောင်းစားခံရ #Ayeyarwaddy_Times