ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ ဇွန် ၆ ရက်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ သပြေကုန်းရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့များကို ပြီးခဲ့သည့် ဇွန် ၃ ရက်နေ့က ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ်(၂) ကထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သပြေကုန်းရွာဘုန်းကြီးကျောင်းတွင် အခိုင်အမာတပ်စွဲထားခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များက အဆိုပါစခန်းအပြင် စစ်ကူလာသည့် စစ်ကြောင်းကိုလည်း ကြားဖြတ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်ခံရမှုကြောင့် တပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီက လွိုင်ကော်မြို့နယ်ထဲက ရွာတစ်ရွာရဲ့ ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားတဲ့ အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီဇွန်လလဆန်းပိုင်းမှာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က သေဆုံးတာ ၂၀ ကျော်ရှိတယ်” ဟု KNDF တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း တော်လှန်ရေးရဲဘော် နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ် ထံမှ MA-1သေနတ် ငါး လက်၊ AK-47 သေနတ် တစ်လက်၊ MA-4 သေနတ် တစ်လက်၊ RPG တစ်လက် နှင့် အခြားလက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကရင်နီဒေသအတွင်း စစ်ရေးအခြေအနေပြင်းထန်နေကာ ကရင်နီ-ရှမ်းတောင်ဒေသ တွင်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီကမိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ရန်အတွက် အပြင်းအထန်ထိုးစစ်ဆင်နေကြောင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ဓာတ်ပုံ – KNDF၊ ဗျူဟာအမှတ်(၂)
#ကရင်နီ #လွိုင်ကော် #တိုက်ပွဲ #စစ်ကောင်စီ #သေဆုံး #လက်နက်ခဲယမ်း #KNDF #Ayeyarwaddy_Times