
ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်
ရှမ်းမြောက်၊ နောင်ချိုမြို့နှင့်မိုင်အနည်းငယ်သာ ကွာ ဝေးတော့သည့်နေရာတွင် စစ်ကောင်စီနှင့် တအာင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်များ တိုက်ပွဲပြင်းထန်လာသည့်အတွက် ဒေသခံတချို့ စစ်ဘေးတိမ်း ရှောင်နေရကြောင်း သိရသည်။
နောင်ချိုမြို့အနီး ကံကြီးရွာတွင် ယနေ့ ဇွန် ၅ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီသည် လက်နက်ကြီး၊ ဒရုန်းများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“တချို့ဆို ဈေးဆိုင်ခန်းတွေကို ရရာဈေးနဲ့ရောင်းပြီး ပြောင်းဖို့လုပ်နေကြတယ်။ မပြောင်းဘဲ နေတဲ့သူအချို့ကလည်း တန်ဖိုးရှိပစ္စည်းတွေ ထုတ်ရောင်းပြီး ခဏတိမ်းရှောင်နေကြတယ်။ အိမ်စောင့်ပဲချန်ပြီးတော့” ဟု နောင်ချို ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသည့် ကံကြီးရွာမှာ နောင်ချိုမြို့နှင့် ၉ မိုင်ဝန်းကျင်သာ ကွာဝေးတော့ပြီး နောင်ချိုမြို့အတွင်းမှ ဒေသခံတချို့သည် နေအိမ်ဆိုင်ခန်းအချို့ကို ရောင်းချပြီး မြို့အတွင်းမှ စစ်ရှောင်ရန် ပြုလုပ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဇွန် ၄ ရက်နေ့ကလည်း စစ်ကောင်စီနှင့် TNLA တပ်များ တိုက်ပွဲဖြစ်ပွားပြီးနောက် လက်နက်ကြီး၊ ဒရုန်းများဖြင့် မြို့အတွင်းသို့ ပစ်ခတ်ကြဲချတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက နောင်ချိုမြို့ရှိ တောင်ခမ်းနှင့် အုမ္မတီးရွာများဘက်ကို အဓိကထိုးစစ်ဆင်တိုက်ခိုက်နေပြီး TNLA ထိန်းချုပ်ထားသည့် စခန်းအချို့ကိုပါ ပြန်လည်သိမ်းယူထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် TNLA က နောင်ချိုတောင်ခမ်းဘက်တွင် လက်ရှိအချိန်ထိ တစ်ဖက်နှင့်တစ်ဖက် ထိုးစစ်ဆင်မှုများပြုလုပ်နေကြောင်း ပြောဆိုထားသည်။
စစ်ကောင်စီသည် ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ် ဆောင်ရန်ဟုဆိုကာ ယခု ဇွန်လကုန်အထိ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းထိုးထားသော်လည်း နောင်ချိုမြို့အနီးထိ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း တစ်ဖက်သတ်အပစ်ရပ်စဲခြင်းကို ဇွန်လကုန်ထိ သက်တမ်းတိုးထားပြီး မိမိကိုယ်ကို ခုခံကာကွယ်သည်မှအပ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုး ပြုလုပ်မည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။
ပုံစာ-TNLA တပ်ဖွဲ့ဝင်တစ်ဦးကိုတွေ့ရစဥ် (ပုံဟောင်း)
#ရှမ်းမြောက် #နောင်ချို #တိုက်ပွဲပြင်းထန် #ဒေသခံ #စစ်ဘေးရှောင် #Ayeyarwaddy_Times