
(တီးတိန်)၊ဧရာဝတီတိုင်းမ်
ဇွန်လ ၅ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ တော်လှန်ရေးလုပ်ငန်းများကို နှောက်ယှက်မှုပြုလုပ်သော စစ်ကောင်စီ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် Non-CDM ဝန်ထမ်းများကို အရေးယူမည်ဟု မြို့နယ်ပညာရေးဘုတ် အဖွဲ့(တီးတိန်)က ယမန်နေ့ ဇွန်လ ၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
တီးတိန်မြို့နယ်အတွင်း စစ်ကောင်စီ၏ပညာရေးလုပ်ငန်း ဖော်ဆောင်မှုများကို ဇိုမီးဖက်ဒရယ်အစည်းအရုံး/ပြည်သူ့ကာကွယ်ရေးတပ်-ဇိုလဲန်း(ZFU/PDF-Zoland) ၏ ပညာရေးဌာနဖြစ်သည့် မြို့နယ် ပညာရေးဘုတ်အဖွဲ့ (တီးတိန်) မှ လုံးဝ တားမြစ်ထားသည်။
Non- CDM ဝန်ထမ်းများသည် စစ်ကောင်စီ၏ ယန္တရားလည်ပတ်စေရန်နှင့် တော်လှန်ပြည်သူများကို စိတ်ဝမ်းကွဲစေရန် လုပ်ဆောင်မှု၊ စည်းရုံးမှုများအပြင် ပြည်သူ့ပညာရေးလုပ်ငန်းများတွင် မိမိကိုယ်ကျိုးအတွက်သာ ရည်စူး၍ တော်လှန်ရေးလုပ်ငန်းများတွင် အနှောက်အယှက်ဖြစ်စေသည်ဟု ဆိုသည်။
ထို့ကြောင့် Non-CDM ဝန်ထမ်းများအနေဖြင့် တော်လှန် ရေးလုပ်ငန်းများ အနှောက်အယှက်ဖြစ်စေသည့်လုပ်ဆောင် မှုများ တွေ့ရှိပါက ZFU၊ PDF-Zoland ပြည်သူ့ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ လက်တွဲ၍ လိုအပ်သလို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မည်ဟု ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီး ပြည်သူ့ဝန်ဆောင်မှု ပညာရေးလုပ်ငန်းများသည် လွန်စွာပျက်ပြားလာခဲ့သော်လည်း မိဘပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ပြည်သူ့ပညာရေးလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ခဲ့ကြောင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့ (တီးတိန်)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုနှစ် တီးတိန်မြို့နယ်ရှိ တီးတိန်မြို့နှင့် ခမ်းပတ်မြို့တွင် စစ်ကောင်စီ၏ လက်အောက်ခံအခြေခံ ပညာအထက်တန်း ကျောင်း နှစ်ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး တက်ရောက်သည့် ကျောင်းသား/ကျောင်းသူ ၁၀၀၀ နီးပါးရှိကြောင်း သိရသည်။
“တီးတိန်မြို့ပေါ်မှာ အထက (၁) ကျောင်းကို ဇွန်လ ၂ ရက်နေ့က ဖွင့်လှစ်ထားပါပြီ။ နောက်ထပ် အထက (၂) ကိုလည်း ဖွင့်လှစ်နိုင်ဖို့ ရပ်မိ၊ရပ်ဖ Non CDM တွေ ပြင်ဆင်နေပါတယ်။ ခိုင်ကမ်းမြို့မှာတော့ ပုံမှန်အထက်တန်း တစ်ကျောင်းဖွင့်တယ်။ တီးတိန်တစ်မြို့နယ်လုံး အတိုင်းအတာနဲ့ဆို ဒီနှစ်ကျောင်းတက်တဲ့ ကျောင်းသား/ ကျောင်းသူ ၁၀၀၀ လောက်ရှိမယ်။ ဒီထက်လည်း ပိုများလာနိုင်တယ်”ဟု တီးတိန်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် ဟားခါးနှင့် တီးတိန်မြို့ရှိ အခြေခံပညာစာသင်ကျောင်းကို ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့ကတည်း ဖွင့်လှစ်ထားပြီး ယခုနှစ် တက်ရောက်သည့် ကျောင်းသား/ ကျောင်းသူမှာ ယခင်နှစ်ထက် များပြားလျက်ရှိသည်။
ပုံစာ- တီးတိန်မြို့ အထက(၁) ကျောင်းကို တွေ့ရစဥ်(ပုံဟောင်း)
#တီးတိန် #တော်လှန်ရေးလုပ်ငန်းများ #နှောက်ယှက်မှု
ပြုလုပ် #စစ်ကောင်စီ #NonCDM #ပညာရေးဝန်ထမ်းများ #အရေးယူမည် #Ayeyarwaddy_Times