
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်
စစ်ကောင်စီနှင့် တရုတ်အစိုးရတို့၏ ဖိအားပေး ပိတ်ဆို့တိုက်ခိုက်မှုများကို အကောင်းဆုံး နည်းလမ်းရှာဖွေ ဆောင်ရွက်နေပြီး လက်တလောတွင် ပြည်သူလူထုကို ကတိကဝတ်ပေးရန် ခက်ခဲနေသေးကြောင်း တအာင်းတပ်မတော် (TNLA) ထံက သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူထုထိခိုက်မှု နည်းပါးသည့် အကောင်းဆုံးလမ်းကို စဥ်းစားရှာဖွေထားကြောင်း TNLA ပြောခွင့်ရ လွေးယေဦးက ယနေ့ဇွန် ၅ ရက်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီတိုင်းမ် သတင်းဌာန၏ မေးမြန်းမှုအပေါ် ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့သည်။
“ကျွန်မတို့ ဒီဒဏ်ကို ခံနေရတာ တစ်နှစ်ကျော်ပြီ။ ဒါကိုလည်း အကောင်းဆုံးလမ်း ရှာဖွေပြီးတော့မှ ရေရှည်ဆက်လက်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ အားလုံးပါဝင်နိုင်ဖို့လည်း ကြိုးပမ်းဆောင်ရွက်နေမှာ ဖြစ်ပါတယ်။ လက်ရှိထိကတော့ ပြည်သူတွေကို ကတိကဝတ်ပေးနိုင်ဖို့က ခက်တယ်ပေါ့” ဟု ၎င်းက ပြောသည်။
အဆိုပါနည်းလမ်းရှာဖွေ ဆောင်ရွက်နေမှုများ အသေးစိတ်ကိုမူ ရှင်းလင်းပြောကြားခြင်း မရှိခဲ့သော်လည်း ပြည်သူလူထု၏ အသက်နှင့် ဘဝ၊ စည်းစိမ်ဥစ္စာ လုံခြုံမှု၊ စားဝတ်နေရေး ပြေလည်မှုများကို အဓိကထား စဉ်းစားရှေးရှု ရပ်တည်သွားမည်ဖြစ်ကြောင်း TNLA ထံက သိရသည်။
“ကျွန်မတို့ PSLF/TNLA က လူထုနဲ့အတူ တည်ရှိတာဖြစ်ပါတယ်။ တော်လှန်ရေးပန်းတိုင် ရောက်တဲ့အထိ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု TNLA ပြောခွင့်ရ လွေးယေဦးက ဧရာဝတီတိုင်းမ် သတင်းဌာန၏ မေးမြန်းမှုအပေါ် ဆက်လက်ပြန်လည် ဖြေဆိုသည်။
ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးတွင် TNLA က သိမ်းပိုက်ရရှိထားသော မြို့နယ်များကို စစ်ရှုံးစစ်ကောင်စီက တရုတ်အစိုးရနှင့်အတူ ဖြတ်လေးဖြတ်လုပ်၍ ဖိအားပေးပိတ်ဆို့ကာ လက်ရှိတိုင် ငလျင်အကြောင်းပြ အပစ်ရပ်ကြေညာပြီး ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ယင်းအပြင် စစ်ကောင်စီသည် တရုတ်အစိုးရ ဦးဆောင်ပြုလုပ်ပေးသော ကူမင်းဆွေးနွေးပွဲတွင်လည်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့ကို ပြန်တောင်းနေ၍ တွေ့ဆုံမှုပျက်ကာ လာမည့်သြဂုတ်လသို့ ရက်ရွှေ့ထားသည်။
#စစ်ကောင်စီ #တရုတ် #ဖိအားပေးပိတ်ဆို့ #တိုက်ခိုက်မှုများ #နည်းလမ်းရှာဆောင်ရွက် #TNLA #Ayeyarwaddy_Times