ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်

ဧရာဝတီနှင့်ပဲခူးတိုင်းအစပ်ကြားနေရာရှိ မြန်အောင်ရေနံမြေကုန်းတွင်း ဒုတိယလုပ်ကွက် IOR-6 အမှတ် (၂) ဧရိယာထွက်ရေနံစိမ်းများကို စက်သုံးဆီချက်ရာတွင်အသုံးပြုမည်ဖြစ်ကြောင်း စစ်ကောင်စီဖော်ပြထားသည်။

အဆိုပါ လုပ်ကွက် IOR-6 (မြန်အောင်ဒေသ) ဧရိယာ-၂ တွင် ရေနံအထွက်တိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ခွင့်ပြချက်ရထားသည် မြန်မာက‌‌ဉ္စနာကုမ္ပဏီ (Myanmar Kinsanar )နှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့ ဇွန် ၄ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးကြောင်းသိရသည်။

မြန်မာကဉ္စနာကုမ္ပဏီသည် ဆောက်လုပ်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ နှင့် သွင်းကုန်/ထုတ်ကုန်လုပ်ငန်းလုပ်သည့် ကုမ္ပဏီဖြစ်သည်။

ဒုတိယလုပ်ကွက်ဖြစ်သည့် မြန်အောင်ရေနံမြေသည် ပြည်အနည်ကျချိုင့်ဝှမ်းတွင်ပါဝင်ကာ အစဉ်အလာ ကောင်းခဲ့သည့်ရေနံမြေတစ်ခုဖြစ်၍ ယင်းဒေသမှ ရေနံစိမ်းများတိုးတက်ရရှိရန်မျှော်မှန်းပြီး စက်သုံးဆီများချက်လုပ်ရာတွင်အသုံးပြုသွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် က ပြောကြားသည်။

ပထမလုပ်ကွက်ကို တိုင်းရင်းသားပိုင်ရေနံကုမ္ပဏီ တစ်ခုကို ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းက ခွင့်ပြုပေးခဲ့ပြီး ယခုတွင် သဘာဝဓာတ်ငွေ့များ တူးဖော်ထုတ်လုပ်နိုင်သဖြင့် ယင်းဒေသ၏ လျှပ်စစ်မီးရရှိရေးအတွက် အသုံးပြုလျက်ရှိနေပါကြောင်း ၎င်းက လက်ဆက်ပြောကြားထားသည်။

ပြည်တွင်းစက်သုံးဆီသုံးစွဲမှုတွင် ပြည်ပမှ ၉၇ ရာခိုင်နှုန်းတင်သွင်းပြီး သုံးရာခိုင်နှုန်းပြည်တွင်း၌ထုတ်လုပ်သုံးစွဲကြောင်း သိရသည်။

စစ်တပ်အာ‌ဏာသိမ်းပြီးနောက် အမေရိကန်ရေနံတူးဖော်ရေးလုပ်ငန်း Chevron အပါအဝင် ပြင်သစ်နိုင်ငံမှ Total လုပ်ငန်းတို့ သည် မြန်မာကမ်းလွန်ရေနံတူးဖော်ရေးလုပ်ငန်းမှ ထွက်ခွါခဲ့သည်။

မြန်မာ့ရေနံတူးဖော်ရေးလုပ်ငန်းတွင် ထိုင်းနိုင်ငံ PTTEP ၊ Gulf Petroleum Myanmar ဥက္ကဋ္ဌအဖြစ် SMART Group မှ ‌ဦးကျော်ကျော်လှိုင်အပါအဝင် ပြည်တွင်းကုမ္ပဏီများဝင်ရောက်လုပ်ကိုင်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ( MOGE ) ကို အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့မှုပြုလုပ်ခဲ့သည်။

ဓာတ်ပုံ – MRCB
#မြန်အောင်ရေနံမြေ #ရေနံစိမ်းမှစက်သုံးဆီချက်မည်
#Ayeyarwaddy_Times