
ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်
အာဏာသိမ်းစစ်ကောင်စီ၏ အရပ်သားများအပေါ် ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ မှ ယခု ၂၀၂၅ခုနှစ်၊ မေလကုန် အထိ နှစ် နှစ်ကျော်ကြာကာလအတွင်း အရပ်သား ၃၁၅၂ ဦးအထိသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများထဲတွင် အသက်မပြည့်သေးသည့် ကလေးသူငယ်ပေါင်း ၄၆၆ ဦးအထိသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူပေါင်း ၇၁၈ ဦးအထိပါဝင်ခဲ့ပြီး စစ်ကိုင်းတိုင်းသည် လေကြောင်းတိုက်ခိုက်ခံရမှုအများဆုံးဒေသကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီ၏ ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၂၅၁ ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၄၄၃ လုံး၊ ဆေးရုံနှင့်ဆေးခန်း ၉၉ ခု အထိ ပျက်စီးခဲ့ရကြောင်းလည်း သိရသည်။
ထို့ပြင် စစ်ကောင်စီသည် ၎င်းတို့ အာဏာသိမ်းကာလမှ ယနေ့အထိ လေးနှစ်တာ ကာလအတွင်းလေကြောင်းတိုက်ခိုက်မှုအပါအဝင် အရပ်သားများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၃၉၁ ကြိမ်ပြုလုပ်ခဲ့ပြီး သေဆုံးသူ ၄၁၅၅ ဦးအထိရှိခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်များတွင် အသက်မပြည့်သေးသည့် ကလေးသူငယ်ပေါင်း ၄၃၆ ဦးသေဆုံးခဲ့ပြီး အမျိုးသမီး ၆၈၄ ဦးနှင့်အထက် သေဆုံးခဲ့ရကြောင်းလည်း NUG အစီရင်ခံစာတွင် ဖော်ပြထားသည်။
စစ်ကောင်စီသည် ၎င်းတို့အာဏာသိမ်း လေးနှစ်တာကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်ပေါင်း ၁၉၀၆၇ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ဖြစ်စဉ်အများစုမှ အရပ်သားများအပေါ် တရားလက်လွတ်သတ်ဖြတ်သည့် ဖြစ်စဉ်များဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် ဖြစ်ပွားမှုအများဆုံးဖြစ်ကြောင်းလည်း NUG၏ အစီရင်ခံစာအရ သိရသည်။
ဓာတ်ပုံ – ရွှေကျင်ရှိမင်္ဂလာဆောင်ဗုံးကြဲမှုတွင် သေဆုံးခဲ့သည့် ကလေးငယ်နှင့် ဒီပဲယင်းရှိစာသင်ကျောင်း ဗုံးကြဲမှုဖြစ်စဉ်။
#စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #အစုလိုက်အပြုံလိုက် #သတ်ဖြတ် #သေဆုံး #အရပ်သား #NUG #Ayeyarwaddy_Times