ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် MPT တာဝါတိုင်ကုန်းကို AA နှင့် ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၃ ရက်နေ့တွင် နတ်ရေကန်ဗျူဟာအနီးရှိ MPT တာဝါတိုင်ကုန်းကို AA နှင့်ပူးပေါင်းတပ်က သိမ်းယူလိုက်ပြီးနောက် တိုက်ပွဲအပြင်းအထန် ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇွန် ၄ ရက်နေ့က နတ်ရေကန်ခံစစ်စခန်းတိုက်ပွဲအတွင်းမှ သေဆုံးနှင့် ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များကို အိမ်စီးကားငါးစီးအပြည့်ဖြင့် ပြန်လည်ခေါ်ဆောင်လာရကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“တာဝါတိုင်ကုန်းတကြောက ကာကင်းမှန်သမျှကို အရင်သိမ်းထားတယ်။ ပြီးတော့မှ တာဝါတိုင်ကုန်းကို တက်သိမ်းတာ။ လေယာဉ်ပစ်ကူနဲ့ ဒရုန်းပစ်ကူတွေအပြင် မြေပြင်ကပါ စစ်ကူတွေတောက်လျှောက်ပို့နေတယ်။ ဂုတ်ဝရွာထဲကနေ အင်အား ၃၀ နဲ့အထက် စစ်ကြောင်းလည်းတက်လာနေတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် မဆခ ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အတွင်းမှ စစ်ကောင်စီ အင်အားအပြည့်ဖြင့် စစ်သုံးမော်တော်ယာဉ်သုံးစီးနှင့် ခဲယမ်းအပြည့်တင်ဆောင်လာသည့် ယာဉ်တစ်စီး စုစုပေါင်း စစ်ယာဉ်တန်းလေးစီး နတ်ရေကန်ဗျူဟာသို့ အရေးပေါ်တက်သွားကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

နတ်ရေကန်ဗျူဟာတိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်ကောင်စီ၏ ဘုံဘောခမောက်တောင်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ပဇီရွာဘက်မှနေ၍ နတ်ရေကန်သို့ စစ်ယာဉ်တန်းလေးစီး အင်အားအပြည့်ဖြင့် စစ်ကူပို့ဆောင်ခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ၏ တပ်မ ၉၉ ဒုတပ်မမှူးကွပ်ကဲနေသည့် ကမ္ဘာလုံးစခန်းကိုလည်း စစ်ကူနှင့်ရိက္ခာမပို့နိုင်ရန် AA နှင့်ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့ဖြတ်တောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

#မကွေး #ငဖဲ #နတ်ရေကန်ဗျူဟာ #တာဝါတိုင်ကုန်း #စစ်ကောင်စီတပ်သား #ဒဏ်ရာရ #သေဆုံး #နောက်တန်းပြန်ပို့ #Ayeyarwaddy_Times