
ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်မှ ယမန်နေ့ ဇွန် ၄ ရက်နေ့က စတင်ကာ မြန်မာအပါအဝင် နိုင်ငံ ပေါင်း ၁၂ နိုင်ငံကို အမေရိကန်နိုင်ငံသို့ ခရီးသွားလာခွင့် ပိတ်သိမ်းခဲ့ကြောင်း လက်မှတ်ရေးထိုး ကြေညာခဲ့သည်။
အမေရိကန်သို့ ဝင်ရောက်ခွင့်ပိတ်ပင်မှုတွင် ၎င်းတို့ ချွင်းချက်ထားဝင်ရောက် ခွင့်ပြုသူမှလွဲ၍ ကျန်သည့် ဗီဇာအမျိုးအစားများအားလုံးနီးပါးကို ပိတ်ပင်ခြင်း ဖြစ်ပြီး မြန်မာ၊ အာဖဂန်နစ္စတန်၊ ချဒ်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတာဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်နိုင်ငံတို့မှ နိုင်ငံသားများ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယဲရာလီယွန်၊ တိုဂို၊ တာ့ခ်မန်နစ္စတန် နှင့် ဗင်နီဇွဲလား စသည့် နိုင်ငံခုနစ်နိုင်ငံမှ ခရီးသွားများအပေါ်ကိုလည်း တစ်စိတ်တစ်ပိုင်း ပိတ်ပင်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်ဝင်ခွင့် ပိတ်ပင်မှုနှစ်ခုစလုံးမှာ လာမည့် ဇွန် ၉ ရက်နေ့တွင် အသက်ဝင်မည်ဖြစ်ကြောင်း အိမ်ဖြူတော်ကပြောကြားခဲ့ပြီး ခရီးသွားလာခွင့် ပိတ်ပင်ရခြင်းမှာလည်း နိုင်ငံခြားသားများ အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ခြင်းနှင့် တရားမဝင်နေထိုင်သူများလာခြင်းကြောင့် ဖြစ်ကြောင်းလည်း အမေရိကန်အစိုးရမှ ပြောဆိုထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့် မေ ၂၂ ရက်နေ့ကလည်း ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တစ်ခုဖြစ်သည့် ဟားဗက်တက္ကသိုလ်တွင် နိုင်ငံတကာကျောင်းသား တက်ရောက် သင်ကြားခွင့်ကို ပိတ်သိမ်းခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုးကား – Bangkok Post
#Ayeyarwaddy_Times