
ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်
ဧရာ၀တီတိုင်းတွင် ဇွန် ၁ ရက်နေ့ကစတင်ပြီး လိုင်စင်မဲ့ဆိုင်ကယ်နှင့် မော်တော်ယာဉ်များကိုရှာဖွေဖမ်းဆီးသည့် စစ်ကောင်စီလက်အောက်ခံ ရဲ၊၀န်ထမ်းအချို့နှင့် အုပ်ချုပ်ရေးမှူးများကိုယ်တိုင် လိုင်စင်မဲ့ ဆိုင်ကယ်များကို စီးနင်းနေကြကြောင်း ဒေသခံများထံမှ သိရသည်။
တိုင်းအတွင်းရှိ ရဲတပ်ဖွဲ့၊ စစ်ကောင်စီသတင်းပေး၊ ပြည်သူ့စစ်၊ အုပ်ချုပ်ရေးမှူးများနှင့် ၀န်ထမ်းအချို့သည် လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်များ ကို စီးနင်းနေကြသော်လည်း ဖမ်းဆီးခံရမှုပဲ အခြေခံလူတန်းစားအများစုသာ ဖမ်းဆီးခံနေရခြင်းဖြစ်သည်။
“တစ်ချို့ဦးစီးမှူးတွေဆို လိုင်စင်မဲ့ကားကိုဌာနဆိုင်ရာတံဆိပ်တပ်ပြီး စီးနေတာမြင်နေရတာပဲ။ ရဲမှာဆိုရင်လည်း ဒုစရိုက်နှိမ်နင်းရေး၊ သတင်းတပ်ဖွဲ့၊ နယ်ထိန်း၊ ယာဥ်ထိန်းတစ်ချို့လဲ ကားတွေစီးနေတာ လိုင်စင်မဲ့တွေချည်းပဲ သူတို့ကပြန်ပြီး ပြည်သူကို ပြန်ဖမ်းနေတာ”ဟု မအူပင်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
တိုင်းအတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများသည်လည်း စစ်မှုထမ်း အစားထိုးရန်ငွေကြေးကောက်ခံပြီး လိုင်စင်မဲ့ကားများ၀ယ်ယူ စီးနင်းနေသော်လည်း အရေးယူခံရခြင်းမရှိကြောင်း ပြည်သူများက သုံးသပ်ပြောဆိုကြသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် အဖွဲ့များဖွဲ့ပြီးဖမ်းဆီးကာလိုင်စင်မဲ့ဆိုင်ကယ်၊ ကားများကို တရားမ၀င် ကုန်သွယ်မှု ဥပဒေအကြောင်းပြချက်ဖြင့် ငွေတစ်သိန်းမှငါးသိန်းအထိ အမျိုးမျိုးတောင်းခံနေသောကြောင့် အခြေခံလူတန်းစားအများစုသည် အခက်ကြုံနေကြရသည်။ လက်ရှိ ကုန်ဈေးနူန်းအရလိုင်စင်မဲ့ ဆိုင်ကယ်ကိုသာစီးနင်းနိုင်ကြပြီး ယခုကဲ့သို့ ဖမ်းဆီးဒဏ်ရိုက်မှုများ ပြုလုပ်ခြင်းကြောင့် သွားလာလုပ်ကိုင်ရေးအတွက် အဆင်မပြေမှုများကြုံတွေ့နေရသည်ဟု ဒေသခံပြည်သူများက ပြောသည်။
#ဧရာ၀တီတိုင်း #စစ်တပ် #ရဲနှင့်အုပ်ချုပ်ရေးအဖွဲ့များ # လိုင်စင်မဲ့ယာဉ်များကိုမောင်းနှင်အသုံးပြု #လိုင်စင်မဲ့ယာဉ်များကိုလိုက်လံဖမ်းဆီး #Ayeyarwaddy_Times