
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၅ ရက်
တနင်္သာရီ တိုင်း ၊ရေဖြူမြို့နယ် ၊ကံပေါက်တိုက်နယ်၊မင်းသားကျေးရွာအုပ်စု ၊ဆင်စွယ်ကျေးရွာ အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ခြောက် ဦးသေဆုံးခဲ့ပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) တပ်ဖွဲ့ထံမှသိရသည်။
တော်လှန်ရေးပူးပေါင်းတပ်များသည် ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်အား တိုက်ခိုက်ရန်သွားနေစဥ် နယ်မြေရှင်းလင်းရေးထွက်လာသော စစ်ကောင်စီတပ်အင်အား ၃၀ ခန့်နှင့်ဇွန်လ၂ရက်နေ့ နံနက် ရှစ်နာရီခန့်တွင် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး လက်ဦးမှု ရယူကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“မင်းသားကျေးရွာအုပ်စု မှာ ဧပြီလ တိုက်ပွဲဖြစ်ပွားကတည်းက စစ်ကောင်စီတပ်က ဝင်လိုက်ထွက်လိုက်ပါပဲ့။အဲ့ဒီနေရာမှာက ကံပေါက်အခြေစိုက် ခလရ – ၂၇၃ တပ်ရင်း နဲ့ ရွာခံပြည်သူ့စစ်တွေကတပ်စွဲပြီးနေထိုင်ကြတာပါ။သူတို့ (စစ်ကောင်စီတပ်) ကလည်း နယ်မြေရှင်းလင်းရေးအတွက်ထွက်လာတာပေါ့။အဲဒီအချိန်မှာ ကျွန်တော်တို့ လက်ဦးမှုရယူပြီး တိုက်ခိုက်နိုင်လိုက်တာပေါ့။စစ်ကောင်စီတပ် ကစဥ့်ကလျားဖြစ်ပြီး နောက်ပြန်ဆုတ်သွားတယ်။အထိနာသွားတာပေါ့လေ။ဒါနဲ့ ကျွန်တော်တို့လည်း ဆက်မလိုက်တော့ဘူး”လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲ့ ပြန်ကြားရေးတာဝန် ခံ နိုင်နဂါးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် ဆင်စွယ်ကျေးရွာအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်များမှ ၆၀ မမလက်နက်ကြီး ငါးလုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အထိနာသွားသော စစ်ကောင်စီတပ်များသည် ယနေ့ ဇူလိုင် ၅ ရက်နေ့အထိရွာအနီးအနားသို့ လက်နက်ကြီးများနှင့် ပစ်ခတ်သည့်အပြင် ဟိန္ဇဲချောင်းဝတွင်ရှိသည့် သဘ်ောပေါ်မှလည်း လက်နက်ကြီးပစ်ကူများ ပေးကြောင်းသိရသည်။
လက်ရှိတွင် နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွါးနိုင်သည့်အတွက် စစ်ဘေးရှောင်နေရသော ရွာသားများအနေဖြင့် ရွာထဲသို့မကြာခဏ သွားလာခြင်းကို ရှောင်ကြဉ်ပေးရန် တော်လှန်ရေးတပ်ဖွဲ့များကမေတ္တာရပ်ခံထားသည်။
အဆိုပါစစ်ဆင်ရေးကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ဒေါနစစ်ကြောင်း(၃)-KBDF၊ LPF ၊ ဒေါနစစ်ကြောင်း (၂) – YGF ၊ NMSP (AD) နှင့် Nonentity Coach လေ့ကျင့်ရေးတပ်ဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ ၊ MSRF
#ရေဖြူ #ဆင်စွယ်ရွာ #တိုက်ပွဲ #စစ်ကောင်စီတပ်သား #၆ ဦးသေဆုံး #၁၃ဦးခန့်ဒဏ်ရာရရှိ #Ayeyarwaddy_Times