
ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်
ငလျင်ကြီးလှုပ်ခတ်မှုပြီးနောက် ဆက်လက်မြင့်တက်နေသောလိုအပ်ချက်များအတွက် ငလျင်ဘေးသင့်သူများကို ငွေသားကူညီနိုင်ရန် ဥရောပသမဂ္ဂ ( EU) က ယူရို ငါးသန်းကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ထံ လှူဒါန်းကြောင်းသတင်းရရှိသည်။
ဥရောပသမဂ္ဂကူညီပံ့ပိုးငွေဖြင့် ငလျင်ဘေးဒဏ်အဆိုးရွားဆုံးခံစားခဲ့ရသူများသည် စားနပ်ရိက္ခာ (သို့မဟုတ်) စားနပ်ရိက္ခာဝယ်ယူရန် ငွေသားအကူအညီများအပါအဝင် ကလေးနှင့် မိခင်များအတွက် အထူးအာဟာရအထောက်အပံ့ရရှိမည်ဖြစ်ကြောင်း ယမန်နေ့က ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် ဥရောပသမဂ္ဂ (EU) တို့က ပူးတွဲသတင်းထုတ်ပြန်သည်။
ယခုဇွန်လဆန်းမှစတင်ပြီး နှစ်လအတွင်း လူဦးရေ တစ်သိန်းငါးသောင်းခန့်ကို စိစစ်ရွေးချယ်ပြီး ထောက်ပံ့ကူညီသွားမည်ကြောင်း သိရသည်။
မန္တလေးနှင့်စစ်ကိုင်းဗဟိုပြုငလျင်ကြီးလှုပ်ခတ်ပြီးနှစ်လကျော်ကြာမြင့်နေကာ ပြိုကျအဆောက်အအုံများဖြိုဖျက်ရှင်းလင်းနေဆဲဖြစ်ပြီး စီးပွားရေးစတင်နိုင်ရန်အခက်အခဲများဖြစ်ပေါ်နေကြောင်း မန္တလေးမြို့ရှိကူညီနေသူများထံမှ သိရသည်။
” အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုခုပြန်စနိုင်ဖို့ရှိတယ်။ သင်ကြားပေးမဲ့လူတွေ ထောက်ပံ့မဲ့လူတွေလိုတယ်” ဟု မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောကြားသည်။
အဆိုပါအထောက်အပံ့များကို WFP ကိုယ်တိုင်တိုက်ရိုက်ပေးအပ်သွားမည်ဖြစ်ပြီး ဒေသခံမိတ်ဖက်များ အစိုးရမဟုတ်သောအဖွဲ့အစည်း NGO များနှင့် အတူလက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာကူညီမှုလုပ်ငန်းတွင် ဥရောပသမဂ္ဂ၏ကူညီမှုစုစုပေါင်း ယူရို ၈ ဒသမ ၉ သန်း ( အမေရိကန်ဒေါ်လာ ၁၀ သန်း) ရှိကြောင်းသိရသည်။
ငလျင်အပြင်းထန်ဆုံးလှုပ်ခတ်ခံရသည့်မြို့နယ်များတွင် စားနပ်ရိက္ခာအခက်အခဲကြုံတွေ့နေရသူ လူဦးရေ နှစ်ဒဿမ ရှစ်သန်းသန်းနီးပါးရှိပြီး လူဦးရေ လေးသိန်းခန့်ကို အရေးပေါ်စားနပ်ရိက္ခာ၊ စားနပ်ရိက္ခာဝယ်ယူရန်ငွေသားနှင့် အာဟာရအထောက်အပံ့ပေးအပ်နိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) က ထုတ်ပြန်သည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ- ဧပြီလတွင်ရိုက်ကူထားသော မန္တလေးငလျင်ကြောင့် ပြိုကျပျက်စီးသွားရသည့်အဆောက်အအုံများနှင့် ငလျင်ဘေးကယ်ဆယ်ရေးစခန်း
#ငလျင်ဘေးသင့်ဒေသများ #EUငွေသားကူညီမည် #WFP #ပြန်လည်တည်ဆောက်ရေးလိုအပ် #Ayeyarwaddy_Times