
ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အထက (၁) ရှိ ကျောင်းအုပ်ဆရာကြီးသည် အရက်မူးပြီး သွေးသစ္စာသီချင်း အော်ဆိုသဖြင့် စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့်ရက်ပိုင်း မေ ၂၇ ရက်နေ့က သွေးသစ္စာသီချင်းအော်ဆိုသည့် ကျောင်းအုပ်ဆရာကြီးအပါအဝင် သုံးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ကျောင်းအတွင်း ဝင်ရောက်ဖမ်းဆီးသွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။
“ခံဝန်အရင်လာထိုးခိုင်းတယ်။ ပြီးနောက် ပုဒ်မတပ်ပြီး ထပ်လာဖမ်းသွားတာ။ KTV ကအပြန် မြို့ပေါ်လမ်းတစ်လျှောက် အော်ဆိုလာတာ”ဟု ကန့်ဘလူဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ကျောင်းအုပ်ဆရာကြီး ဦးမိုးထွန်း၊ အထက်တန်းပြဆရာ ဦးစိုးသင်းနှင့် ကျောင်းစောင့် ဦးညွန့်ဝင်းတို့ကို ကန့်ဘလူ အထက (၁) ကျောင်းအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူ သုံးဦးသည် မေလ ၂၂ ရက်နေ့က KTV မှအပြန် ဆိုင်ကယ်စီးရင်း မြို့ပေါ်လမ်းတစ် လျှောက် သွေးသစ္စာသီချင်း အော်ဆိုခဲ့ခြင်းကြောင့် ကျောင်းအတွင်း နေထိုင်သည့် ပျူစောထီးများက တိုင်တန်းခြင်းဖြစ် ကြောင်း သိရသည်။
ပျူစောထီးများ၏ တိုင်တန်းချက်အရ သီချင်းအော်ဆိုသည့်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျောင်းအတွင်း ရောက်ရှိလာပြီး ကျောင်းအုပ်အပါအဝင်သုံးဦးကို ခံဝန်လက်မှတ်ထိုးခိုင်းခဲ့ကြောင်း သိရသည်။
ခံဝန်ထိုးခိုင်းပြီးနောက် မေလ ၂၇ ရက်နေ့တွင် ဝင်ရောက်ဖမ်းဆီး၍ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရား စွဲဆိုသွားရန်ရှိကြောင်း သိရသည်။
ဖမ်းဆီးခံရသူ ကျောင်းအုပ်ဆရာကြီးနှင့်အဖွဲ့ကို ဦးဝါသဝ၏ အမိန့်ဖြင့် ပြန်လွှတ်ပေးမည်ဟုပြောသော်လည်း ဖမ်းဆီးခံရသူသုံးဦးမှာ ပြန်လည်လွတ် မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
#စစ်ကိုင်း #ကန့်ဘလူ #အထက၁ #ကျောင်းအုပ် #ကျောင်းဆရာ #ကျောင်းစောင့် #သွေးသစ္စာသီချင်းသီဆို #စစ်ကောင်စီဖမ်းဆီး #Ayeyarwaddy_Times