
ဧရာဝတီတ်ိုင်းမ်
ဇွန် ၄ ရက်
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်မှုထမ်း အကြောင်းပြ၍ ဒေသခံများထံမှ လစဥ်ငွေတောင်းယူနေကြောင်း သိရသည်။
ဘိုကလေးမြို့နယ်၊ အောက်လှဲဆိပ်ကျေးရွာရှိ စစ်ကောင်စီခန့်အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင် သည် ပြည်သူ့စစ်မှုထမ်းနှင့် ၎င်း၏နေအိမ်ရှေ့တွင် ကင်းမစောင့်ပေးသည့် အကြောင်းအရာများကို အကြောင်းပြ၍ ငွေတောင်းယူများပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။
“သူငွေတောင်းတဲ့အကြောင်း ဧရာဝတီတိုင်းမ်သတင်းဌာနမှာ ပါလာပြီးတော့ နှစ်လ ငွေမတောင်းဘူး။ အခုတော့ ငွေပြန်တောင်းနေပြန်ပီ။ ရွာမှာကင်းမစောင့်နိုင်တဲ့ မိန်းမသားပဲရှိတဲ့ အိမ်တွေ၊ မုဆိုးမ အိမ်တွေပါမကျန်လစဥ် ကင်းစောင့်ခိုင်းတယ်။ ကင်းမစောင့်နိုင်ရင်ငွေတောင်းတယ်”ဟု အောက်လှဲဆိပ် ကျေးရွာရှိဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်ရှိ အောက်လှဲဆိပ်ကျေးရွာအတွင်း ပြည်သူ့စစ်မှုထမ်းကြေး လစဥ် ကျပ်ငွေလေးသောင်းနှစ်ထောင် (၄၂၀၀၀) ပေးဆောင်ရသည့်အပြင် ၎င်း၏နေအိမ်ရှေ့တွင် ကင်းစောင့်မပေးနိုင်သည့် နေအိမ်များကို တစ်ညလျှင် တစ်သောင်း(၁၀၀၀၀)ကျပ်တောင်းယူကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါ အုပ်ချုပ်ရေးမှူးသည် ယခင်ကလည်း ပြည်သူ့စစ်မှုထမ်းကြေးအဖြစ် လစဥ် ကျပ်ငွေ နှစ်သောင်းခွဲ(၂၅၀၀၀)တောင်းယူခဲ့ပြီး ကျေးရွာအတွင်း ကင်းမစောင့်နိုင်သည့် နေအိမ်များကိုလည်း တစ်ညလျှင် ကျပ်ငွေ ခုနစ်ထောင်(၇၀၀၀) တောင်းယူခဲ့သည်။
ဧရာ၀တီတိုင်းအတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအများစုသည် ပြည်သူ့ စစ်မှုထမ်းကို အကြောင်းပြ၍ ငွေတောင်းယူမှုများပြုလုပ်နေသော်လည်း ၎င်းတို့၏ ဆွေမျိုးတော်စပ်သူများနှင့် နီးစပ်သူများကိုမူ ငွေတောင်းယူခြင်း မရှိသည့်အပြင် သားသမီးများကိုလည်း စစ်မှုထမ်းအမည်စာရင်း ထည့်သွင်းထားခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။
ဧရာဝတီတိုင်းတွင် ၂၆ မြို့နယ်ရှိပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအများစုသည် ပြည်သူ့စစ်မှုထမ်း အကြောင်းပြ၍ ငွေတောင်းယူမှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာကြပြီး ကြီးပွားချမ်းသာ နေကြကြောင်း ဧရာဝတီတိုင်းရှိ ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ပုံစာ-အောက်လှဲဆိပ်ကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်
#ဘိုကလေး #ပြည်သူ့စစ်မှုထမ်းအကြောင်းပြ #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးမှူး #လစဥ်ငွေတောင်း #နေအိမ်ရှေ့ပါကင်းစောင့်ခိုင်း #Ayeyarwaddy_Times