ဧရာဝတီတိုင်းမ်
ဇွန် ၄ရက်

စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)အပါအဝင် မြောက်ပိုင်းညီနောင် သုံးဖွဲ့တို့ အပစ်အခတ် ရပ်စဲကြောင်း ထုတ်ပြန်ပြီးနောက် ကျောက်ဖြူတွင် ၂ရက် ကြာငြိမ်သက်ခဲ့သည့် တိုက်ပွဲများ ပြန်လည် ပြင်းထန်လာကြောင်း သိရသည်။

ကျောက်ဖြူရှိ ရွှေ OGTစက်ရုံအနီးနှင့် ကပ်သပြေရွာအနီးတို့တွင် ယမန်နေ့ ဇွန် ၃ရက် ညနေပိုင်းမှစ၍ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“ဂုံးချွိန်တိုက်နယ်ထဲက ရဲတပ်ရင်း ၃၂ ရဲ့ ကာကင်းတွေအနားမှာ တိုက်ပွဲဖြစ်နေတယ်။ ကာကင်းတွေ ကနေစစ် ကြောင်းထိုးထွက်လာတာကို AA က ပြန်တိုက်လို့ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ယနေ့ ဇွန် ၄ရက် နံနက်ပိုင်းတွင် ကပ်သပြေရွာဘက်မှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ဓညဝတီရေတပ်စခန်းမှလည်း လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲမှာ ရဲတပ်ရင်း ၃၂ပတ်ဝန်းကျင်အနီးရောက်ရှိလာပြီး နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှုများရှိနေကာ စစ်ကောင်စီသည် စက်တပ်လေထီးနှင့် ဒရုန်းများပြန်လည်အသုံးပြုလာပြီး ဗုံးကြဲတိုက်ခိုက်မှုများကိုပါ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီနှင့် AAပါဝင်သည့် မြောက်ပိုင်းညီနောင် မဟာမိတ် သုံးဖွဲ့တို့သည် ယခု ဇွန်လကုန်အထိ အပစ်ရပ်စဲကြောင်း ထုတ်ပြန်ထားပြီး သတင်းထုတ်ပြန်သည့် ၂ ရက်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ခဲ့သည်။

#ကျောက်ဖြူ #အပစ်ရပ်ကာလ #AA #စစ်ကောင်စီ #တိုက်ပွဲပြန်ဖြစ် #Ayeyarwaddy_Times