
ဧရာဝတီတိုင်းမ်
ဇွန် ၄ ရက်
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့ပြဆင်းရဲမွဲတေမှု ရာခိုင်နှုန်းမြင့်တက်လာကာ ရန်ကုန်မြို့ရှိ ခန့်မှန်းလူဦးရေ ခြောက်သန်းကျော်တွင် သုံးသန်းနီးပါးက ဆင်းရဲနွမ်းပါးမှုကြုံတွေ့နေရသဖြင့် လူဦးရေထက်ဝက်နီးပါးခံစားနေရကြောင်းကုသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်( UNDP) ၏ အစီရင်ခံစာကို ယမန်နေ့ ဇွန် ၃ ရက်နေ့က ထုတ်ပြန်သည်။
ရန်ကုန်မြို့၏ လူဦးရေ ၆ ဒသမ ၂ သန်းတွင် ၂ ဒသမ ၇ သန်းခန့်သည် ဆင်းရဲမွဲတေမှုကို ကြုံတွေ့နေရပြီး ဆင်းရဲတွင်းနက်ကာ ပြန်လည်ထူထောင်နိုင်ရန်ခက်ခဲနေကြောင်း “ရန်ကုန်မြို့ပြဆင်းရဲနွမ်းပါးမှုအား လှစ်ဟသုံးသပ်ခြင်း” ဇွန်လထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
အရပ်သား အစိုးရ NLD လက်ထက် ၂၀၁၇ ခုနှစ်တွင် လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသာ ဆင်းရဲနွမ်းပါးသူအဖြစ်ရှိပြီး စစ်တပ်အာဏာသိမ်းထားသည့် ၂၀၂၃ ခုနှစ်တွင် လူဦးရေ၏ ၄၃ ရာခိုင်နှုန်းအထိ ဆင်းရဲနွမ်းပါးမှုမြင့်တက်လာကြောင်းသိရသည်။
ရန်ကုန်မြို့ပြထက်ဆင်ခြေဖုံးမြို့နယ်များတွင် ဆင်းရဲနွမ်းပါးသူပိုမိုများပြားပြီး အိမ်ထောင်စုများ၏ ၄ ပုံ ၃ ပုံတွင် ၂၅ ရာခိုင်နှုန်းသောအိမ်ထောင်စုများ၏ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအညွှန်းကိန်းအရ အလွန်ဆင်းရဲနွမ်းပါးသူစာရင်း ဝင်ကြောင်း သိရသည်။
“တူမလေးက အလုပ်ဆင်းနေတာ လစာက ၂ သိန်းမပြည့်ချင်ဘူး။ လမ်းစရိတ်က တစ်နေ့ ၃၀၀၀ ရှိတယ်။ နေ့စားလပေးစနစ်နဲ့ ဆင်းရတာ။ အိမ်စားရိတ်တောင် အနိုင်နိုင်ဖြေရှင်းနေရတယ်။ ဆိုင်ကယ်ဘေးတွဲမစီးရင် ၄၅ မိနစ်လောက်လမ်းလျှောက်ရမယ်။ ခိုးဆိုးလုယက်တွေ ကလည်းပေါတော့ ညဘက်အပြန်မိုးချုပ်ရင် ဆိုက်တွဲငှားစီးမှ ရတယ်။ ရတဲ့လစာနဲ့က လမ်းစားရိတ်နဲ့ တင်ကုန်လုလုပဲ။ တောင်ဒဂုံက ကော်ဖီမစ်စက်ရုံမှာ လုပ်တာ” ဟု သန်လျင်မြို့နယ် ဘုရားကုန်းတွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါအလုပ်သည် နေ့စားလပေးစနစ်နှင့် လစာရှင်းခြင်းဖြစ်သောကြောင့် နေ့စားလုပ်ခ ၁၂၀၀၀ ကျပ်ပေးသော်လည်း အလုပ် ပိတ်ရက်၊ ပျက်ရက်များကို လစာမှ နုတ်ယူသောကြောင့် လစာ ၂ သိန်းကျပ် ပတ်ဝန်းကျင်သာရရှိကြောင်း သိရသည်။
လက်ရှိ အိမ်ထောင်တစ်ခု၏ မိသားစုတစ်စုတွင် ထိုင်စားသူပင် မရှိဘဲ အရွယ်ရှိ လူကုန်အလုပ်လုပ်နေခြင်းကြောင့် စားဝတ်နေရေးအဆင် ပြေသူများရှိသော် လည်း ကျောင်းနေအရွယ်ကလေးရှိသူနှင့် ကျန်းမာရေးမကောင်းသူများရှိပါက ငွေကြေးအခက်အခဲများရှိကြောင်း လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ စက်ရုံအမျိုးသမီးဝန်ထမ်းတစ်ဦးထံမှ သိရသည်။
“ အခုစက်ရုံက လစာနည်းတယ်။ လူသက်သာတယ်။ အခြားစက်ရုံက လစာလည်း များပေမယ့် တစ်နေကုန်ပင်ပင်ပန်းပန်းလုပ်ရတာမျိုးတွေရှိတယ်။ လင်မယား နှစ်ယောက်လစာ ၁၀ သိန်းလောက်ရတာတောင် တစ်သိန်းမစုမိပါဘူး။ စရိတ်တွေကအကုန်တက်နေတာ။ ကျောင်းစရိတ်တွေရော” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင် အထွေထွေကုန်ဈေးနှုန်းကြီးမြင့်တက်မှုကြောင့် လုပ်ခလစာအားလုံး အသုံးပြုရပြီး စုဆောင်းနိုင်ခြင်း မရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါမြို့ပြ ပြည်သူများရင်ဆိုင်နေရသည့် အကျပ်အတည်း အခက်အခဲများသည် စီးပွားရေးကျဆင်းမှုသာမက လူမှုရေးနှင့် စီးပွားရေးတည်ငြိမ်မှုကို ပျက်စီးစေလာကြောင်း UNDP ၏ အစီရင်ခံစာတွင်ပါဝင်သည်။
ထို့ပြင်စစ်ပွဲများကြောင့် မြို့ပြပြောင်းရွှေ့နေထိုင်သူများ အတွက်လည်း ငွေကြေးအခက်အခဲများ အပါအဝင် အခက်အခဲမျိုးမျိုးကို ရင်ဆိုင်ရကြောင်းသိရသည်။
အဆိုပါဆင်းရဲနွမ်းပါးမှုလျော့နည်းစေရန်အတွက် အလုပ်အကိုင်အခွင့်များတိုးချဲ့ရန်၊ ပညာရေးအစီအစဉ်များဖော်ထုတ်ရန်၊ အမျိုးသမီးများအတွက် အသေးစားချေးငွေဖော်ထုတ်ရန်၊ အစားအသောက်ကုန်လုပ်ငန်းအပါအဝင် စက်ချုပ်သင်တန်းနှင့် အိမ်တွင်အခြေပြုလုပ်ငန်းဖော်ဆောင်ပေးရန်လိုအပ်ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ( UNDP ) ၏ ထုတ်ပြန်ချက်တွင် အကြံပြုထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ-ရန်ကုန်မြို့လယ်ကောင် ဘူတာကြီးအနီးရှိ မြင်ကွင်း။
#ရန်ကုန်မြို့ #လူထုဆင်းရဲတွင်းနက် #လူဦးရေထက်ဝက်ဆင်းရဲ #Ayeyarwaddy_Times