
ဧရာဝတီတိုင်းမ်
ဇွန် ၃ ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ သေ့ဘောဘိုးစစ်ကောင်စီစခန်းကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ကြောင်း သိရသည်။
စစ်ကောင်စီက လေကြောင်းမှနေ၍ ပေါင် ၅၀၀ ဗုံးများဖြင့် ဆက်တိုက်ကြဲချ စစ်ကူပေးခဲ့သော်လည်း KNLA ပူးပေါင်းတပ်က ယနေ့ ဇွန် ၃ ရက် ညနေပိုင်းတွင် သေ့ဘောဘိုးစခန်းကို ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး စခန်းကျသွားခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“လေယာဉ်တောက်လျှောက်တက်လာပြီး ဗုံးကြဲနေတာ ဆက်တိုက်ပဲ။ ပေါင် ၅၀၀ ဗုံးတွေကြီးပဲ သုံးတာ ထိုင်းဘက်ကတောင်တုန်တယ်။ စခန်းကို ဦးဆောင်နေတဲ့သူက အလံဖြူထောင်သွားတာ” ဟု စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးဆက်တိုက်ကြဲချ ခုခံခဲ့သော်လည်း စခန်းအတွင်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အလံဖြူထောင်လက်နက်ချသွားခဲ့ကြောင်း သိရသည်။
အဆိုပါသေ့ဘောဘိုးစခန်းကို ယမန်နေ့ ဇွန် ၂ ရက်နေ့မှစတင်ကာ KNLA ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် Federal Wings ဒရုန်းအဖွဲ့နှင့်ပူးပေါင်း၍ ဗုံးကြဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှလည်း အခြားသောစစ်ကောင် စီစခန်းများမှနေ၍ လက်နက်ကြီး များဖြင့်ပါ ပစ်ကူ၍ ခုခံနေခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ပူးလူတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူး၊ တာလယ်၊ မယ်လ၊ ဘယ်လယ်ဒို၊ မော်ခီး၊ ဘုရင့်နောင်၊ ကနဲလေး၊ ရွှေအေးမြိုင် တပ်စခန်းများကို KNLA ပူးပေါင်းတပ်က ဆက်တိုက်သိမ်းပိုက်ခဲ့သည်။
ထို့ကြောင့် နယ်စပ်တစ်လျှောက်တွင် စစ်ကောင်စီ၏ ဥကရစ်ထ၊ ဝေါလေဗျူဟာကုန်း၊ တီသဲလယ်စခန်း၊ ထီးကပလယ်စခန်းတို့သာ သိမ်းယူရန်ကျန်ရှိတော့သည်။
ဓာတ်ပုံ-Cobra Colum
ပုံစာ-သေ့ဘောဘိုးစခန်း (ပုံဟောင်း)
#ကရင် #မြဝတီ #သေ့ဘောဘိုးစခန်းကုန်း #KNLA #ပူးပေါင်းတပ်သိမ်းပိုက် #Ayeyarwaddy_Times