
ဧရာဝတီတိုင်းမ်
ဇွန် ၃ ရက်
စစ်ကောင်စီက ၅၀၅(က)ဖြင့် အမှုဖွင့်ထားသည့် ပုဂ္ဂိုလ်များနှင့် ဆက်သွယ်သည်ဟုဆိုကာ ပြည်တွင်းမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို ဖမ်း ဆီးတရားစွဲဆိုထားကြောင်း သိရသည်။
ပြည်ပတွင် နေထိုင်လျက်ရှိသည့် အဆိုတော်ချမ်းချမ်း တင်ပို့သည့်ပစ္စည်းများကို တစ်ဆင့်ပြန်လည်ရောင်းချပေးသည်ဟုဆိုကာ မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့ နယ်၊ အောင်နန်းရိပ်သာရပ်ကွက်တွင် နေထိုင်သည့် မဖြူဖြူနှင်းကို ဧပြီ ၁၃ ရက်နေ့က စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
ထို့အပြင် မေ ၈ ရက်နေ့က ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း ၅၄ ရပ်ကွက်တွင်နေထိုင်သည့် ကိုဘုန်းမြင့်အောင်ကို စစ်ကောင်စီက ထပ်မံဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသူနှစ်ဦးကို CDM ပြုလုပ်ရန် နှိုးဆော်ခြင်း၊ ဆူပူအုံကြွမှုဖြစ်စေရန် လူမှုကွန်ရက်တွင် ဖြန့်ဝေရေးသားခြင်းစသည်တို့ဖြင့် ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
တော်လှန်ရေးအဖွဲ့များထံ ထောက်ပံ့ငွေများပေးအပ်ခြင်း၊ တရားစွဲဆိုထားသည့် လူပုဂ္ဂိုလ်များနှင့်ဆက်သွယ်ပြီး အွန်လိုင်းတွင် တရားမဝင်ပစ္စည်းဖြန့်ဝေရောင်းချခြင်းစသည့် မတရားသောပြစ်မှုများတပ်ကာ တရားစွဲဆိုသွားရန်ရှိကြောင်းလည်း သတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုတေယ်ချမ်းချမ်းက ယနေ့ ဇွန် ၃ ရက်နေ့တွင် ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် အဖမ်းခံရသူနှစ်ဦးမှာ ငလျင်ဘေးသင့်ကူညီကယ်ဆယ်ရေးအတွက် လုပ်ဆောင်နေသူများသာဖြစ်ကြောင်း ဖြေရှင်းထား သည်။
စစ်ကောင်စီက အဆိုတော်ချမ်းချမ်း၊ ပန်ဆယ်လို၊ မသင်းသင်းနွယ်၊ ကိုအောင်သော်၊ ဆရာမခိုင်စုလွင်၊ မထက်နီနီသန်း၊ မချမ်းမြမြသော်၊ မဇွန်နီလာဌေးနှင့် မအိုင်ရင်းတို့ လူမှုကွန်ရက်တွင် ရောင်းချနေသည့်ပစ္စည်းများကို ဝယ်ယူသူများနှင့် တစ်ဆင့်ပြန်လည်ဖြန့်ဖြူးသူများကိုပါ အကြမ်းဖက်ဥပဒေဖြင့် တရား စွဲဆိုသွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ထုတ်ပြန်ထား သည်။
လူမှုကွန်ရက်တွင် တရားမဝင်ပစ္စည်းရောင်းဝယ် ဖြန့်ဖြူးသည်ဟုဆိုကာ မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းမှ ပြည်သူနှစ်ဦးကို စစ်ကောင်စီက လနှင့်ချီကြာအောင် ဖမ်းဆီးထားပြီးနောက် ဆက်စပ်ပတ်သက်သူ များကိုပါ ရှာဖွေစုံစမ်းနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
#ငလျင်ဘေး #ကူညီသူနှစ်ဦး #စစ်ကောင်စီ #အကြမ်းဖက်ပုဒ်မတပ် #ဖမ်းဆီး #Ayeyarwaddy_Times