ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့်ထိတွေ့တိုက်ပွဲတွင် KLGPDF ရဲဘော် ၃ ဦးကျဆုံး

ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၈ ရက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း ဩဂုတ်လ ၂၆ ရက်နေ့က စစ်ကောင်စီတပ်နှင့်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ရဲဘော် ၃ ဦး ကျဆုံးခဲ့ကြောင်း ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- KLGPDF က သတင်းထုတ်ပြန် သည်။

ကျဆုံးခဲ့သူများမှာကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်စိတ်မှူး ကိုဇော်ဝင်းထွန်း (ခ) ငယ်လေး အသက်(၁၈)နှစ်၊ ကိုပြည့်ဖြိုးကျော် (ခ) ငဖြိုး အသက် (၂၇)နှစ်၊ ကိုအာကာမိုး (ခ) ပြည့်စုံအောင် အသက်(၂၈) နှစ်တို့ဖြစ်ပြီး ချောင်းမရွာအနီးတိုက်ပွဲအတွင်း လက်နက်ငယ်ကျည်ဆံထိမှန်ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျတာကတော့ ၂၆ရက်နေ့ညနေ၃နာရီလောက်မှာကျတာ၊ သုံးယောက်လုံးကျတာ၊ တိုက်ပွဲဖြစ်နေတာတော့ ၁၀ ရက်လောက်ရှိပီး၊ အဖွဲ့ကရဲဘော်နှစ်ယောက်လဲ ကျည်ထိထားတယ်”ဟု ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်းမာပင်ခရိုင်၊ ရင်ပေါင်တိုင်ကျေးရွာသို့ စစ်ကောင်စီတပ်မှ လေယာဉ်ဗုံးလာကြဲပြီးနောက် ထိတွေ့တိုက်ပွဲများ ကနီမြို့ နယ်အတွင်းဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ပြီး ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်အပါအဝင် မဟာမိတ်အဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားဖြစ်ပွားနေသည်မှာ ၁၀ ရက်ကျော်ကြာရှိပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-ကိုဇော်ဝင်းထွန်း (ခ) ငယ်လေး