
ပြင်ပဈေးကွက်၌ ဒေါ်လာရောင်းဝယ်နေမှုများကို အရေး ယူမည်ဟု ဗဟိုဘဏ် ကြေညာသဖြင့် သွင်းကုန်လုပ်ငန်းရှင်များ လုပ်ငန်းများဆက်လုပ်ကိုင်ရန် အခက်တွေ့
ဧရာဝတီတိုင်းမ်
သြဂုတ် ၂၈၊ ၂ဝ၂၂
အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေများကို ပြင်ပဈေးကွက်၌ အရောင်းအဝယ် ပြုလုပ်နေမှုများကို ဥပဒေအရ အရေး ယူသွားမည်ဟု သြဂုတ်လ ၂၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
၎င်းကြေညာချက်တွင် နိုင်ငံငွေ ဈေးနှုန်းဆွဲတင်နေမှုများ၊ အွန်လိုင်းမှ တရားမဝင်နိုင်ငံခြားငွေများ ရောင်းဝယ်မှုအပေါ် မပြုရန်နှင့် တရားမဝင် အွန်လိုင်းစနစ်ဖြင့် ရောင်းချနေမှုများကို နိုင်ငံခြားငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာ အရေးယူမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များမှ ပြည်ပမှ စက်သုံးဆီ၊ ဆောက်လုပ်ရေးပစ္စည်း၊ စားသောက်ကုန်၊ဆေးဝါးနှင့် လူသုံးကုန်များကို တင်သွင်းနိုင်ရန်အတွက် အမေရိကန်ဒေါ်လာကို အဓိက အသုံးပြုနေရပြီး ယင်းဒေါ်လာငွေများကို ဗဟိုဘဏ်မှ ထိရောက်စွာရောင်းချပေးခြင်း မရှိကြောင်း သိရသည်။
ထိုသို့ ဗဟိုဘဏ်မှ ကန်ဒေါ်လာများ ရောင်းမပေးသဖြင့် ကုန်သည်များမှာ ဗဟိုဘဏ်သတ်မှတ်ချက်အရ ၁ ဒေါ်လာ ၂၁၀၀ ကျပ်နှုန်းကို ပြင်ပဈေးကွက်၌ ကန် ၁ ဒေါ်လာလျှင် ၃၀၀၀ ကျပ်နှင့်အထက် ပေါက်ဈေးပေး ဝယ်ယူ၍ ပြည်ပမှကုန်ပစ္စည်းများ တင်သွင်းနေရသည်။
ဗဟိုဘဏ်၏ သြဂုတ်လ ၂၇ ရက်နေ့ ထုတ်ပြန်ကြေညာချက်အရ ပြင်ပဈေးကွက်၌ နိုင်ငံခြားငွေအရောင်းအဝယ် ပြုလုပ်မှုများကို အရေးယူသွားမည်ဟု ထုတ်ပြန်ကြေညာမှုကြောင့် ပြည်ပမှ သွင်းကုန်များတင်သွင်းရန် ပိုမိုခက်ခဲ သွားပြီဟု ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
‘‘ဒေါ်လာကို ကျနော်တို့ ပြည်ပက ဆီတင်သွင်းဖို့အတွက် သူတို့ (ဗဟိုဘဏ်) က ဒီကနေ့အထိ အကုန်ထုတ်ပေးနိုင်တာ မဟုတ်ဘူး။ ဒါကိုတောင် ပြင်ပဈေးကွက်မှာ အရောင်းအဝယ် ပြုလုပ်နေတာကို အရေးယူတော့မယ်ဆိုတော့ ပိုမခက်တော့ဘူးလား။ အဲ့လိုဆို သူတို့လုံလောက်အောင် ထုတ်ပေးမလား စောင့်ကြည့်မယ်။ မထုတ်ပေးလို့ကတော့ ကျနော်တို့
ဒီဆီလုပ်ငန်းကို ရပ်ပစ်လိုက်ဖို့ပဲ ရှိတော့တယ်’’ဟု မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းဝင် လုပ်ငန်းရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စက်သုံးဆီတင်သွင်းမှုကဏ္ဍအတွက် ဒေါ်လာလိုအပ်ချက် ကြီးမားစွာ ဖြစ်ပေါ်နေပြီး ယခင်က နိုင်ငံခြားမှ စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများကို ဗဟိုဘဏ်က ကန်ဒေါ်လာ ၅ဝ ရာခိုင်နှုန်းသာ ထုတ်ပေးနိုင်ပြီး ကျန်သည့် ၅ဝ ရာခိုင်နှုန်းကို ပြင်ပပေါက်ဈေးများဖြင့် ဝယ်ယူတင်သွင်းနေခဲ့ရသည်။
ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီလုပ်ငန်းရှင်များနှင့် ထိုကိစ္စကို ဆွေးနွေးနေလျှက်ရှိပြီး တခြားဆက်စပ်သည့် ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိပေးနေကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သော်လည်း စက်သုံးဆီ ကဏ္ဍတခုထဲတွင်ပင် ဒေါ်လာလိုအပ်ချက်ကို ပြည့်မီအောင် ယခုအချိန်အထိ မဖြည့်ပေးနိုင်သေးကြောင်း၊ ထို့ကြောင့် ဆီသင်္ဘော အဝင်များ ရှိသော်လည်း
ငွေပေးချေရန်ခက်ခဲနေကြောင်း ဆီလုပ်ငန်းရှင်များက ဆိုသည်။
ဗဟိုဘဏ်က အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၂၁၀၀ သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွင် တဒေါ်လာလျှင် ကျပ် ၃ဝဝဝ အထက် ရှိနေပြီး ဈေးနှုန်းကွာဟချက် ကျပ် ၉ဝဝ ကျော်အထိ ရှိနေသည်။
ဓာတ်ပုံ – လူမှုကွန်ယက်။
#AyeyarwaddyTimes