ဧရာဝတီတိုင်းမ်
ဇွန် ၃ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းတစ်ခု နယ်မြေရှင်းသည့် အနေဖြင့် လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ ဇွန် ၂ရက်နေ့က ဂုတ်ဝစခန်းအနီးတွင် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်အတွင်း ပဒါန်းတပ်နယ်အတွင်း နတ်ရေကန်စခန်းအနီးနှင့် MPTတာဝါတိုင်ကုန်းအနီးရှိ စစ်ကောင်စီ၏ ကာကင်းစခန်းများကို သိမ်းယူခဲ့ကြောင်း သိရသည်။

“ရှေ့ထွက်ကာကင်းတွေကို အကုန်သိမ်းလိုက်တယ်ကြားပါတယ်။ မနေ့ကစပြီး ဂုတ်ဝစခန်းဘက်ကနေ လက်နက်ငယ်သံတွေကြားရတာပါ” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် နတ်ရေကန်အနီးတစ်ဝိုက်တွင် ကာကင်းစခန်းငယ်များစွာကို အခြေပြု၍ ကတုတ်ကျင်းများတူးထားသည့်အပြင် ဆက်သွယ်ရေးမြောင်းများပါဖောက်လုပ်ထားသော်လည်း အဆိုပါ ကာကင်းစခန်းအားလုံးနီးပါးကို AAက သိမ်းယူပြီးနောက် ဂုတ်ဝဘက်မှနေ၍ စစ်ကြောင်း တစ်ခုစေလွှတ်လာခြင်းဖြစ်သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန် ၁ ရက်နေ့တွင်ငလျင်ဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ် ဆောင်ရန်ဟုဆိုကာ အပစ်ရပ်ကာလကို ဇွန်လကုန်အထိ သက်တမ်းတိုးကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက ထိုသို့ အပစ်ရပ်သက်တမ်းတိုးထားသော်လည်း ယမန်နေ့ ဇွန် ၂ရက်နေ့တွင် မကွေး၊ ပခုက္ကူမှထွက်လာသည့် အင်အား ၂၀၀ ပါ စစ်ကောင်စစီစစ်ကြောင်းမှာ မင်းနန်တောရွာနှင့် ပုတီးတွင်းရွာတွင် ဖြန့်ခွဲအခြေပြုနေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် အဆိုပါစစ်ကြောင်းအနောက်မှပါလာသည့် ရိက္ခာယာဉ်တန်းသည်လည်း ကန်တော်ရွာ အနောက်ဘက် သရက်ခြံတွင်စောင့်ဆိုင်းနေကြောင်း သိရသည်။

ဓာတ်ပုံ-AA Info Desk

#ငဖဲ #ပဒါန်း #ဂုတ်ဝ #စစ်ကောင်စီ #စစ်ကြောင်းထိုး #Ayeyarwaddy_Times