
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၃ ရက်
စစ်ကောင်စီက လူသားချင်းစာနာမှု အကူအညီများကို နိုင်ငံရေးနှင့်စစ်ရေးအတွက် လက်နက်အနေဖြင့် အသုံး ချနေမှုအား တားဆီးကာကွယ်ရန် ပြည်တွင်း၊ ပြည်ပ တော်လှန်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်း ၅၅ ဖွဲ့က လူထုလှုပ်ရှားမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအဖွဲ့များက “လူသားချင်းစာနာမှု အကူအညီများအား လက်နက်အနေဖြင့် အသုံးချမှုရပ်” (STOP WoA) ဟု အမည်ပေးထားသည့် လူထုလှုပ်ရှားမှုကို ပြည်သူလူထုနှင့်အတူ ဇွန်လပထမပတ်မှ နောက်ဆုံးပတ်ထိ ပူး ပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ယနေ့ဇွန် ၃ ရက်တွင် ထုတ်ပြန်သည်။
“အဓိကကတော့ နိုင်ငံတကာကပေးတဲ့ အထောက်အပံ့အကူအညီကို သူတို့ရဲ့နိုင်ငံရေး၊ စစ်ရေးမှာ အသုံးပြုဖို့ အလွဲသုံးစားလုပ်ပြီး အသုံးချနေတာကို ရပ်တန့်ဖို့အတွက် လှုပ်ရှားတဲ့လှုပ်ရှားမှုပါ” ဟု ဘာသာပေါင်းစုံငြိမ်း ချမ်းရေး အင်စတီကျူ့မှ ဦးစိုးနေဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်း STOP WoA လူထုလှုပ်ရှားမှုသည် စစ်ကောင်စီ၏ အလွဲသုံးစားလုပ် အမြတ်ထုတ်ခြင်းများကို တားဆီးကာကွယ်ရန်၊ ငလျင်ဘေးသင့် ပြည်သူများထံ အကူအညီများ တိုက်ရိုက်ရောက်ရှိစေရန်နှင့် အသုံးချခံရမှုများမှ ရပ် တန့်စေမည့် နည်းလမ်းများကို လုပ်ဆောင်ရန်ဖြစ်ကြောင်း သိရသည်။
ထိုအတွက် နိုင်ငံတကာ အစိုးရများ၊ အာဆီယံ၊ ယူအန် အေဂျင်စီများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs)ကို စည်းရုံးလှုံဆော် တိုက်တွန်းသွားမည်ဖြစ်ပြီး လူထုလှုပ်ရှားမှု၏ ရည်ရွယ်ချက် သုံးချက်ကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။
ယင်းတို့မှာ စစ်ကောင်စီက ထိုကဲ့သို့ လက်နက်သဖွယ် အလွဲသုံးစားလုပ် အမြတ်ထုတ်ခြင်းများကို ထုတ်ဖော်ပြောဆိုရန်၊ ပါ၀င်အားဖြည့်နေသည့် အဖွဲ့အစည်းများ၊ အစိုးရများနှင့် တသီးပုဂ္ဂလများအား ရပ် တန့်ရန်အတွက် စည်းရုံးတိုက်တွန်းနှိုးဆော်ရန်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယခုလှုပ်ရှားမှုonf နာဂစ် (၂၀၀၈)၊ မိုခါ (၂၀၂၃)နှင့် ရာဂီ (၂၀၂၄)တို့ကဲ့သို့ ပြည်သူများ၏ နာကျင်ခံစားရမှုများကို အသုံးချ၍ စစ်အုပ်စုက အမြတ်ထုတ်သည့် လုပ်ရပ်များ သမိုင်းတစ်ပတ်လည် ထပ်မံမဖြစ်ပေါ်စေရန်အတွက် ကာကွယ်တားဆီးရန် ရည်ရွယ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်နှင့် နောက်ဆက်တွဲ ငလျင်များကြောင့် ပြည်သူသောင်းနှင့်ချီ အသက်အိုးအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး အနည်းဆုံး ပြည်သူ ၄,၄၉၃ ဦး သေဆုံး ကာ ၁၁,၃၆၆ ဦး ထိခိုက်ဒဏ်ရာရ၍ ရာပေါင်းများစွာ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် မတ် ၂၉ မှ မေ ၂၂ ရက်အတွင်း ငလျင်ဘေးဒဏ်သင့် မန္တလေး၊ စစ်ကိုင်းအပါအဝင် ဒေသ ၁၅ ခုတွင် စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု ၄၁၄ ကြိမ်ထပ်မ နည်းရှိကြောင်း လူထုလှုပ်ရှားမှု ပြုလုပ်မည့် အဖွဲ့အစည်းများထံက သိရသည်။
အဆိုပါတိုက်ခိုက်မှုများကြောင့် ကလေးငယ် ၅၉ ဦးအပါအဝင် အရပ်သားအနည်းဆုံး ၃၄၉ ဦး သေဆုံးပြီး ၇၇၆ ဦး ထိခိုက်ဒဏ်ရာရရှိကာ စာသင်ကျောင်း ၃၁ ကျောင်း၊ ဆေးရုံ၊ ဆေးခန်းခြောက်ခုနှင့် ဘာသာရေး အဆောက်အဦး ၃၈ ခု ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
#စစ်ကောင်စီ #လူသားချင်းစာနာအကူအညီများ #အသုံးချနေမှု #တားဆီးကာကွယ်ရန် #လူထုလှုပ်ရှားမှု #Ayeyarwaddy_Times