ဧရာဝတီတိုင်းမ်
ဇွန် ၃ရက်

အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများ ပြန်လည်ထူထောင်ရန် လူသားချင်းစာနာ ထောက်ထားသောအားဖြင့် တစ်ဖက်သတ် အပစ်ရပ်ကာလကို ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်(MNDAA) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာရက္ခ တပ်တော် (AA) တို့က တစ်လထပ်တိုးလိုက်ကြောင်း သိရသည်။

စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ရှမ်းတောင်တို့တွင် မတ်လက လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် အဆောက် အဦးများပြိုကျပျက်စီးပြီး လူပေါင်းရာနှင့်ချီသေဆုံးခဲ့ရသည့်အတွက် ကယ်ဆယ်ရေး လုပ်ငန်းများ စိတ်အေးလက်အေးလုပ်ဆောင်နိုင်ရန် ညီနောင်မဟာမိတ်အဖွဲ့က ဧပြီလနှင့် မေလကို အပစ်ရပ်စဲကြောင်း ထုတ်ပြန်ခဲ့သည်။

ငလျင်ဒဏ်ခံစားရပြီးနောက် မုန်တိုင်းငယ်ဝင်ရောက်လာပြီး မိုးများ ရေကြီးသည့်အတွက် အဆောက်အဦးများ ထပ်မံပြိုကျကာ ပြည်သူများ အကူအညီများလိုအပ်နေပြီး ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်ရန် ညီနောင်မဟာမိတ်အဖွဲ့က ဇွန်၂ရက်နေ့မှ ၃၀ရက်နေ့အထိ အပစ်ရပ်ကာလကို ထပ်တိုးလိုက်ကြောင်း သိရသည်။

အပစ်ရပ်ထားသည့်ကာလတွင် မိမိကိုယ်ကို ခုခံကာကွယ်သည်မှလွဲ၍ ထိုးစစ်ဆင်မည်မဟုတ်ကြောင်း မဟာမိတ်သုံးဖွဲ့က ထည့်သွင်း ဖော်ပြထားသည်။

ထို့အတူ စစ်ကောင်စီကလည်း ငလျင်ဒဏ်သင့်ဒေသများထူထောင်ရေးလုပ်ဆောင်နိုင်ရန်ဟုဆိုကာ အပစ်ရပ်ကာလကို ယ ခုဇွန်လကုန်အထိ သက်တမ်းထပ်တိုးကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီက အပစ်ရပ်သည်ဟုထုတ်ပြန်နေသော်လည်း လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းနှင့် မြေပြင်စစ်ကြောင်းထိုးခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ကျောက်ဖြူမြို့နယ်တွင်လည်း ဆက်တိုက်စစ်ကြောင်းထိုးထွက်နေသည့်အတွက် AAနှင့်တိုက်ပွဲ ဆက်ဖြစ် နေပြီး ငလျင်ဒဏ်ခံစားနေရသည့် မင်းကွန်းတွင်လည်း စစ်ပြင်ဆင်မှုများပြုလုပ်နေသည်။

ထို့အပြင် ကချင်ပြည်နယ်ဖားကန့်ဒေသနှင့် ရှမ်းမြောက်ရှိ TNLAသိမ်းပိုက်ဒေသများကို စစ်ကောင်စီက စစ်ကြောင်းထိုး တိုက်ခိုက်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

#ညီနောင်မဟာမိတ်၃ဖွဲ့ #တစ်ဖက်သတ် #အပစ်ရပ် #၁လသက်တမ်းတိုး #Ayeyarwaddy_Times