(တီးတိန်)၊ဧရာဝတီတိုင်းမ်
ဇွန် ၃ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကလေး-သိုင်းငင်း ကားလမ်းမပေါ်ရှိ မွာလ်ပီကျေးရွာ စစ်ဘေးရှောင် များ၏ နေအိမ်များကို စစ်ကောင်စီတပ်က ဖောက်တွင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

အင်အား ၈၀၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် ကလေးမြို့မှနေ၍ ကလေး-သိုင်းငင်း ကားလမ်းမအတိုင်း ချင်းတောင်ပေါ်သို့ ထိုးစစ်လာသည့်အတွက် မွာလ်ပီကျေးရွာပြည်သူများသည် ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းနှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့တို့ မွာလ်ပီကျေးရွာအနီးတစ်ဝိုက်တွင် နေ့စဥ်ရက်ဆက် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီသည် ပြီးခဲ့သည် မေလ ၂၇ ရက်နေ့မှစတင်ကာ မွာလ်ပီကျေးရွာရှိ စစ်ဘေးရှောင်နေအိမ်များကို ဖောင်တွင်း မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

“မေလ ၂၇ ရက်နေ့ကစပြီး မွာလ်ပီရွာကို မီးရှို့တာပါ။ မီးမရှို့မီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဘေး ရှောင် နေအိမ်တွေ ဖောက်တွင်းပြီး နေအိမ်ထဲမှာရှိတဲ့ စားနပ်ရိက္ခာဆန်တွေ ခိုးယူထားတာ တွေ့ရတယ်။ နေအိမ်ဘယ်လောက် လောင်ကျွမ်း ပျက်စီးသွားလဲဆိုတာ လောဆယ်တော့ အတည်မပြုလို့ မရနိုင်သေးပါဘူး”ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အိမ်ခြေ ၇၀ ခန့်သာရှိသည့် မွှာလ်ပီကျေးရွာသည် ကလေး-သိုင်းငင်း ကားလမ်းမပေါ်တွင် တည်ရှိကာ ကလေးမြို့နှင့် ၈ မိုင် အကွာတွင်ရှိပြီး တိုက်ပွဲအခြေအနေကြောင့် မီးရှို့ပျက်စီးသွားသည့် နေအိမ် အသေးစိတ် အချက်လက်ကိုမူ သိရှိရခြင်းမရှိသေးပေ။

စစ်ကောင်စီ စစ်ကြောင်းသည် ချင်းပြည်နယ်ဘက်ကို ဆက်လက်ချီတက်နိုင်ရန် ကြိုးစားနေသည့် အတွက် ကလေး-သိုင်းငင်း ကားလမ်းနှင့် မွာလ်ပီကျေးရွာအနီးတဝိုက်တို့တွင် ချင်းတော်လှန်ရေး တပ်ဖွဲ့များနှင့် နေ့စဥ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

“တိုက်ပွဲက ရှိနေသေးတယ်။ စစ်ကောင်စီ စစ်ကြောင်းကလည်း မွှာလ်ပီရွာကို မကျော်နိုင်သေးဘူး။ ပြန်ဆုတ်လိုက်၊ ပြန်တက်လိုက်နဲ့ တိုက်ပွဲတွေရှိနေသေးတယ်။ တိုက်ပွဲတွေ ပြင်းထန်လာပြီဆို ကလေးမြို့ကနေ လက်နက်ကြီးကျည်တွေ ပစ်ကူပေးတာတွေရှိတယ်။ လက်ရှိ စစ်ကောင်စီ စစ်ကြောင်းက ကလေး သိုင်းငင်း ကားလမ်းမပေါ်ရှိသေးတယ်။ ကလေးမြို့ဘက်ကို လုံးဝ တပ်ဆုတ်မသွားသေးပါဘူး။”ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကလေး-သိုင်းငင်း ကားလမ်းမအတိုင်း ချင်းတောင်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းကို ချင်းတော်လှန်ရေးနှစ်ဖွဲ့ဖြစ်သည့် ချင်းလဲန်းကောင်စီ(CC)နှင့် ချင်းညီနောင်(CB)တို့က ပူးပေါင်းခုခံတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ- ပေးပို့
ပုံစာ-စစ်ကောင်စီ မီးရှို့ဖျက်ဆီးခံရသည့် မွာလ်ပီကျေးရွာကို မြင်တွေ့ရစဥ်။
#တီးတိန်မြို့နယ် #မွာလ်ပီးကျေးရွာ #စစ်ရှောင်နေအိမ်များ #စစ်ကောင်စီတပ် #ဖောက်တွင်းမီးရှို့ #Ayeyarwaddy_Times