
ဧရာဝတီတိုင်းမ်
ဇွန် ၃ရက်
ဖားကန့်မြို့နယ်၊ မှော်စီစာရှိ တစ်သုံးလုံး ကျောက်စိမ်းကုမ္ပဏီပိုင် စက်ယန္တရားများကို စစ်ကောင်စီက ထပ်မံ၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ယနေ့ ဇွန် ၃ရက် နံနက် ၉နာရီခန့်က တစ်သုံးလုံးကျောက်စိမ်းကုမ္ပဏီအတွင်းရှိ မြေတူးကား၊ ဘက်ဖိုး သုံးစီးနှင့် မြေသယ်ယာဉ်နှစ်စီးတို့ကို မီးရှို့ခဲ့ခြင်းဖြစ်ကာ မီးရှို့ဖျက်ဆီးခံရမည့် ကားများကို ဇွန် ၂ရက်နေ့ညပိုင်းကတည်းက တစ်စုတစ်စည်းတည်း နေရာရွှေ့ပေးထားရပြီး ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်မီးရှို့သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ဘာလို့ မီးဝင်ရှို့တယ်ဆိုတာ မသိရဘူး။ နှစ်ကြိမ်တော့ရှိပြီ။ လာဖျက်ဆီးနေတာ။ မီးရှို့မယ့်နေရာကို ကားတွေကို ညကတည်းကပုံပေးထားရတယ်” ဟုဖားကန့်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် မေ ၃၁ရက်နေ့ကလည်း အဆိုပါကျောက်စိမ်းကုမ္ပဏီလုပ်ကွက်အတွင်း ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်။
ဖားကန့်ကို ဦးတည်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းများအနက် အင်အား ၁၀၀ခန့်ရှိစစ် ကြောင်းတစ်ခုသည် မှော်စီစာကျေးရွာ ဘုရားကုန်း ဘုန်းကြီးကျောင်းတွင်တပ်စွဲနေရာယူထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ပုံစာ- တစ်သုံးလုံးကျောက်စိမ်းလုပ်ကွက် မီးရှို့ခံထားရစဥ်။
#ဖားကန့် #တစ်သုံးလုံး #ကျောက်စိမ်းကုမ္ပဏီ #စက်ယန္တရား #စစ်ကောင်စီမီးရှို့ #Ayeyarwaddy_Times