
ဧရာဝတီတိုင်းမ်
(ညောင်ရွှေ)၊ ဇွန် ၃ ရက်
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ဘုရားတောင်ရွာနှင့် ရေပူရွာရှိ ဒေသခံနေအိမ်များကို ယမန်နေ့ ဇွန်လ ၂ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီက မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အင်အား ၁,၀၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA ပူးပေါင်းစစ်ကြောင်းသည် လက်နက်ကြီးပစ်ကူများ၊ ဒရုန်းများဖြင့် အင်အားအလွန်အကျွံအသုံးပြုကာ ဘုရားတောင်နှင့် ရေပူကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“နေ့လယ်ပိုင်းလောက် ထိတွေ့မှု စတင်ဖြစ်ပွားပြီး ညနေ လေးနာရီလောက်မှာ လူလက်နက်အင်အားမမျှလို့ ပြန်ဆုတ်ပေးလိုက်ရတာပါ။ လေးနာရီဝန်းကျင်မှာ ရန်သူပူးပေါင်းစစ်ကြောင်းက ဘုရားတောင်နဲ့ ရေပူကျေးရွာကို ဝင်ရောက်ပြီး မီးရှို့စတင်ခဲ့တာပါ” ဟု အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များမှ အဆိုပါကျေးရွာများအတွင်း ဆက်လက်ရှိနေပြီး နေအိမ်များကို မီးရှို့နေသော်လည်း KNDF နှင့် PDF အဖွဲ့များက ၎င်းတို့၏ပြည်သူ့စစ်များကို မခုခံနိုင်သည့်အတွက် အရပ်သားနေအိမ်များကို မီးရှို့ကာ ထွက်ပြေးခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန် ပြောဆိုခဲ့သည်။
စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ရေပူကျေးရွာမြောက်ဘက်ခြမ်းနှင့် ဘုရားတောင်ကျေးရွာတို့မှ ဦးဇော်ဇော်ထွန်း၊ ဦးရာကျော်၊ ဦးအောင်လင်းဦး နှင့် ဦးကျော်နိုင်ဦး တို့အိမ်များ အပါအဝင် နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ကျွမ်းခဲ့ရကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဒေသများဖြစ်သည့် ညောင်ရွှေ၊ ဖယ်ခုံ၊ မိုးဗြဲစသည့် မြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား လနှင့်ချီ၍ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ပြီးခဲ့သည့် မေလ ၆ ရက်မှ ၁၆ ရက်နေ့အထိ ၁၀ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာ အမှတ်(၁) ထံမှ သိရသည်။
ဓာတ်ပုံ – အမှတ်(၁၀၀၉)တပ်ရင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်
#အင်းလေးPDF #ညောင်ရွှေ #စစ်ကောင်စီ #စစ်ကြောင်းထိုး #နေအိမ်မီးရှို့ #Ayeyarwaddy_Times