ဧရာဝတီတိုင်းမ်
ဇွန် ၃ ရက်

တရုတ်နိုင်ငံဟာ မေလအတွင်း ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးဖိအား တိုးပေးလာခဲ့ပြီး ဒါဇင်နဲ့ ချီတဲ့ စစ်သင်္ဘောတွေ၊ ရေယာဉ်တွေ နေ့စဉ် စေလွှတ်ခဲ့တယ်လို့ ထိုင်ဝမ်က ပြောပါတယ်။

တရုတ်နိုင်ငံဟာ မေလ ၁ ရက်မှ ၂၇ ရက်အတွင်း ထိုင်ဝမ်ကျွန်းဝန်းကျင်သို့ နေ့စဉ် ပျှမ်းမျှ ရေ ယာဉ် ၅၀ စင်းမှ ၇၀ စင်းအထိ စေလွှတ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ထိုင်ဝမ် လုံခြုံရေး တာဝန်ရှိသူ တစ်ဉီးက ပြောပါတယ်။

ထိုင်ဝမ်သမ္မတ လိုင်ချင်တေး ၂၀၂၄ ခုနှစ်၊ မေလအတွင်း အာဏာရရှိပြီးနောက်ပိုင်း တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

ကာကွယ်ရေးဘတ်ဂျက်ကို GDP ရဲ့ ၅ ရာခိုင်နှုန်း တိုးမြှင့်ဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က မေလ ၃၁ ရက်မှာ တိုက်တွန်းခဲ့ပြီး တရုတ်က ထိုင်ဝမ်ကို ကျူးကျော်လာနိုင်လို့ အရေး တကြီး ပြင်ဆင်ဖို့ လိုအပ်နေတယ်လို့ သတိပေးလိုက်ပါတယ်။

တရုတ်သင်္ဘောတွေ ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ လှုပ်ရှားမှုဟာ မေလ ၂၇ ရက်မှာ အမြင့်မားဆုံး ဖြစ်ခဲ့ပြီး ရေယာဉ်အစင်း ၇၀ အထိ ရှိခဲ့တယ်လို့ ထိုင်ဝမ် တာဝန်ရှိသူက ဆက်ပြောပါတယ်။

မေလအတွင်း တရုတ်လေယာဉ်တင်သင်္ဘော ရှန်တုန်နဲ့ လျောင်နင်တို့ဟာ စစ်ရေးလေ့ကျင့်မှု တွေမှာ ပါဝင်ခဲ့ပါတယ်။ လေယာဉ်တင်သင်္ဘော လျောင်နင်က ပထမဆုံးအကြိမ်အဖြစ် အရှေ့တရုတ်ပင် လယ်မှာ စစ်လေယာဉ်တွေနဲ့အတူ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

တရုတ်ကင်းလှည့်ရေယာဉ်တွေဟာ ပူးတွဲတိုက်ခိုက်ရေး လေ့ကျင့်မှုတွေအတွင်း ထိုင်ဝမ်ရဲ့ ရေမိုင် ၂၄ မိုင်နယ်စပ်အထိ ဝင်ရောက်ခဲ့တယ်လို့ သူက ပြောပါတယ်။

တရုတ်စစ်သင်္ဘောနဲ့ ရေယာဉ် ၂၅၄ စင်းကို မေလ ၁ ရက်မှ ၂၇ ရက်အတွင်း ထိုင်ဝမ်ကျွန်းဝန်း ကျင်မှာ မြင်တွေ့ခဲ့ရပြီး ပျှမ်းမျှအားဖြင့် တစ်ရက်လျင် သင်္ဘော ၉ စင်းအထိ ရှိခဲ့တယ်လို့ ထိုင်ဝမ် ကာ ကွယ်ရေးဝန်ကြီးဌာနရဲ့ သီးခြား အချက်အလက်တွေအရ သိရပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ တစ်ရက်လျင် တရုတ်စစ်သင်္ဘော ၇ စင်းသာ မြင် တွေ့ခဲ့ရလို့ ယင်းအရေအတွက် အနည်းငယ် တိုးလာခဲ့တယ်လို့ အချက်အလက်တွေက ဖော်ပြပါတယ်။

ကိုးကား – Bloomberg
Ref; Taiwan warns of rise in Chinese military activity around region

#Ayeyarwaddy_Times