ဧရာဝတီတိုင်းမ်
ဇွန် ၃ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ သေ့ဘောဘိုးတပ်စခန်းကုန်းကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်မှ Federal Wings ဒရုန်းတပ်ဖြင့်ပူး‌ပေါင်းကာ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

KNLA ပူးပေါင်းတပ်များသည် ယနေ့ ဇွန် ၃ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ သေ့ဘောဘိုး တပ်စခန်းကုန်း ဒရုန်းများဖြင့်ဗုံး ကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

“တပ်စခန်းတွေကို ဆက်ပြီးထိုးစစ်ဆင်နေပါတယ်။ ဒီမနက် သေ့ဘောဘိုးစခန်းကုန်းကို Federal Wings ဒရုန်းအဖွဲ့နဲ့ ကြိတ်နေပါတယ်။ သူတို့(စကစ)ဘက်ကလည်း ပြန်ပြီးလက်နက်ကြီးတွေနဲ့ပြန်ပစ်နေတာ။ အနားကရွာတွေ အကုန်တိမ်းရှောင်နေကြတယ် ထိုင်းဘက်ကို”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြော သည်။

KNLA ပူးပေါင်းတပ်သည် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏တပ်စခန်းများကို ဆက်တိုက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တပ်စခန်းမှစစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ထိုင်းဘက်သို့ရေကူး၍ စခန်း စွန့်ခွာထွက် ပြေးမှုများရှိကြောင်း သိရသည်။

KNLA ပူးပေါင်းတပ်သည် ပြီးခဲ့သည့် မေ ၂၈ ရက်နေ့ နံနက်ပိုင်းကလည်း သေ့ဘောဘိုးတပ်စခန်းကုန်းသို့ လာသည့် စစ်ကောင်စီစစ်ကူစစ်ကြောင်းကို DKBA ဌာနချုပ် ဆုံဆည်းမြိုင်အနီးတွင် တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံးပျက်သွားခဲ့သည်။

KNLA ပူးပေါင်းတပ်သည် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်အတွင်းက မြဝတီမြို့နယ်အတွင်း ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီ၏ တပ်စခန်းများဖြစ်သည့် ဘလယ်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးနှင့် ရွှေအေးမြိုင်တပ် စခန်းတို့ကို ဆက်တိုက်သိမ်း ပိုက်နိုင်ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တွင် စစ်ကောင်စီ၏ တပ်စခန်းများဖြစ်သည့် ဥကရစ်ထ၊ သေ့ဘောဘိုး၊ ဝေါ်လေ ဗျူဟာကုန်း၊ တီသဲလယ်၊ ထီးကပလယ်စခန်းစသည့် တပ်စခန်း ငါး ခုသာကျန်ရှိတော့ကြောင်း သိရသည်။

ပုံစာ- စွယ်တော်ကုန်းကာကင်းစခန်း တိုက်ခိုက်ခဲ့စဉ် (ပုံဟောင်း)
#ကရင် #မြဝတီ #သေ့ဘောဘိုး #တပ်စခန်းကုန်း #KNLA #ပူးပေါင်းတပ် #FederalWings #ဒရုန်း #တိုက်ခိုက် #Ayeyarwaddy_Times