NUG စိုးမိုးနယ်မြေများတွင်မူ ကျောင်းဖွင့်ချိန်ဖြစ်သော်လည်း စစ်ကောင်စီ၏ ဗုံးကြဲမှုကြောင့် စာသင်ကျောင်းများ ယာယီ ပိတ်ထားရ

ဧရာဝတီတိုင်းမ်
ဇွန် ၃ ရက်

ယခုနှစ် ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်တွင် မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားပေါင်း ခြောက်သန်းနီးပါး တက်ရောက်ခဲ့ပြီး၊ ရန်ကုန်တိုင်းအတွင်းမှ တက်ရောက်သူ ကျောင်းသူ၊ ကျောင်းသား ၁ သန်းကျော် ရှိကြောင်း သိရသည်။

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းတက်ရောက်သူ ကျောင်းသားပေါင်း ၅,၈၂၂,၉၅၄ ဦး (၅.၈ သန်းကျော်) ရှိပြီး၊ ရန်ကုန်တိုင်းအတွင်းမှ ကျောင်းတက်သူ ၁,၀၃၅,၁၀၅ ဦး (၁ သန်းကျော်) ပါဝင်ကြောင်း စစ်ကောင်စီ၏ ဖော်ပြချက်အရ သိရသည်။

လက်ရှိတွင် အခြေခံပညာရေးကျောင်းများတွင် သင်ရိုးညွှန်းတမ်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်အပါ အဝင် KG နှင့် မူလတန်းကျောင်းသားများကို ကျောင်းဝတ်စုံ ထောက်ပံ့ပေးကြောင်း စစ်ကောင်စီက ဖော်ပြထားသည်။

“ကျောင်းဝတ်စုံတွေပေးတယ်။ အရွယ်အစားနဲ့ဆိုဒ်က တစ်ဆိုဒ်တည်းဆိုတော့ နည်းနည်းကြီးတဲ့ ကလေးတွေ၊ ထွားတဲ့ကလေးတွေက မတော်ဘူး။ တော်တဲ့သူပဲ ပြန်ပေးလိုက်တယ်။ နောက် ပေးတာက ရှပ်အင်္ကျီနဲ့ ဘောင်းဘီဆိုတော့ မိန်းကလေးတွေဆိုရင် မဝတ်ဘူးလေ။ သူတို့က ဂါဝန်ပဲဝတ်ကြတာ” ဟု မရမ်းကုန်းမြို့နယ် နေထိုင်သူ Grade 3 ကျောင်းသား မိဘတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် အခြေခံပညာကျောင်းများတွင် ကျောင်းလခမပေးရသော်လည်း ကျောင်းသုံးပစ္စည်း ဈေးနှုန်းကြီးသဖြင့် ကျောင်းသားမိဘများ အခက်အခဲရှိကြောင်း၊ အစိုးရသင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားသော ပုဂ္ဂလိကကျောင်းများတွင် ဖတ်စာအုပ်မှစတင်ကာ ကျောင်းသုံးပစ္စည်းအားလုံး ဝယ်ယူရသဖြင့်ကုန်ကျစရိတ် ပိုများကြောင်း သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ ကျောင်းသားမိဘ တစ်ဦးက ဆိုသည်။

ယင်းအပြင် မြို့နယ်တစ်မြို့နယ်မှ အခြားမြို့နယ်ရှိ ကျောင်းသို့ ကျောင်းပြောင်းတက်ရန်အတွက် လိုအပ်သောစာရွက်စာတမ်းများ တောင်းခံရာတွင် ငွေပေးရခြင်းမျိုး ရှိပြီး၊ ရန်ကုန်မြို့ရှိ နာမည်ကြီး ကျောင်းများတွင် ကျောင်းတက်နိုင်ရန်အတွက် သိန်းနှင့်ချီ၍ ပေးရကြောင်း လသာမြို့နယ်တွင် နေထိုင်သူ ကျောင်းသားမိဘတစ်ဦးထံမှ သိရသည်။

လက်ရှိတွင် ငလျင်ဘေးဒဏ်သင့်ဒေသများရှိ အခြေခံပညာကျောင်းများကို ပြုပြင်နိုင်ခြင်းမရှိဘဲ ပြိုကျပျက်စီးနေသည့် အဆောက်အအုံများကြားတွင်ပင် အချိန်နှစ်ပိုင်းခွဲ၍ ကျောင်းတက်ရောက် နေရကြောင်း မိဘများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ ခြောက်သန်းကျော် ပညာသင်ကြား ကြောင်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၂,၆၇၉ ကြိမ် ပြုလုပ်ခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် ၄၄၁ ဦးအပါအဝင် ပြည်သူ ၃,၀၄၃ ဦးအထိ သေဆုံးခဲ့ကြောင်း NUG ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက် ဗုံးကြဲမှုများကြောင့် စာသင်ကျောင်းပေါင်း ၂၄၀ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၉၆ ခုနှင့် ဘာသာရေးအဆောက်အဦ ၄၃၅ ခု ပျက်စီးဆုံးရှုံးခဲ့ကြောင်း NUG ထံမှ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေးဝန်ကြီးဌာနသည် ကြားကာလပညာရေးကို နည်းလမ်းမျိုးစုံဖြင့် ဖော်ဆောင်သင်ကြားပေးလျက်ရှိသော်လည်း စစ်ကောင်စီကမူ NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EROs) ထိန်းချုပ်ရာဒေသရှိ စာသင်ကျောင်းများ၊ ဆေးရုံများ စသည့် လူစုလူဝေးရှိရာနေရာများကို ရွေးချယ်၍ ဗုံးကြဲတိုက်ခိုက် လျက်ရှိသည်။

တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီဖြစ်သော်လည်း စစ်ကောင်စီက လွတ်မြောက်နယ်မြေနှင့် စိုးမိုးနယ်မြေများတွင် ဖွင့်လှစ်ထားသည့် ကြားကာလ ပြည်သူ့အခြေပြု အခြေခံပညာရေးကျောင်းများကို ဦးတည်တိုက်ခိုက် ဗုံးကြဲသတ်ဖြတ်နေသောကြောင့် အဆိုပါဒေသရှိ ကလေးငယ်များမှာ ကျောင်းဖွင့်ရာသီတွင် ကျောင်းတက်ရောက်နိုင်ခြင်းမရှိပေ။

NUG ပညာရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် စာရင်းများအရ ကြားကာလ ပြည်သူ့အခြေပြု အခြေခံပညာရေးကျောင်းပေါင်း ၆,၀၀၀ နီးပါး ဖွင့်လှစ်ထားပြီး NUG ၏ ပြည်သူ့အခြေပြု ပညာရေးကျောင်းများတွင် တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူဦးရေ ခုနစ်သိန်းငါးသောင်း ကျော် ရှိကာ ဆရာ၊ ဆရာမဦးရေ ခြောက်သောင်းကျော်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#တစ်နိုင်ငံလုံး #ကျောင်းသား၆သန်းကျော် #ရန်ကုန်တိုင်း၁သန်း #ကျောင်းပြန်ဖွင့် #NUG #စာသင်ကျောင်းများ #ယာယီပိတ်ထား #Ayeyarwaddy_Times