ဧရာဝတီတိုင်းမ်
(ဟားခါး)ဇွန် ၂ ရက်

စစ်ကောင်စီထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ဟားခါး၊ တီးတိန် နှင့် ခိုင်ကမ်းမြို့တွင် အခြေခံပညာစာသင်ကျောင်းများကို ယနေ့ ဇွန် ၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး တက်ရောက် သည့် ကျောင်းသား/သူများပြားလာကြောင်း ဒေသခံများထံမှ သိရသည်။

ယခုနှစ် ဟားခါးမြို့တွင် အထက်တန်းကျောင်းများဖြစ်သည့် အထက (၁)၊ (၂)၊ (၃)၊ (၄) နှင့်ကိုယ်ပိုင်အထက်တန်းကျောင်း များကို ယနေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်ခဲ့ပြီး ယခင်နှစ်ထက် တက်ရောက်သည့် ကျောင်းသူ/သား ပိုမိုများပြားလာခြင်းဖြစ်သည်။

“ဟားခါးမြို့ပေါ်က ကျောင်းအားလုံးနီးပါး ပြန်ဖွင့်ပြီး ကျောင်းတက်တဲ့သူလည်း ပိုများတယ်။ ရွာတွေဘက်က ကလေးတွေနဲ့ ဟားခါးမှာ စစ်ဘေးရှောင်လာတဲ့ ကလေးတွေနဲ့ဆိုတော့ ဒီနှစ် ကျောင်းတက်တဲ့ဦးရေ အရင်နှစ်တွေထက် ပိုများလာတယ်”ဟု ဟားခါးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဟားခါးမြို့ပေါ်ရှိ အခြေခံစာသင်ကျောင်းများကို ဖွင့်လှစ်နိုင်သော်လည်း နယ်ကျောင်းများကိုမူ ဖွင့်လှစ်နိုင်ခြင်းမရှိသည့်အတွက် နယ်ကျေးရွာဘက်မှ ကျောင်းသူ/သားများသည် မြို့ပေါ်တွင် ကျောင်းတက်ရောက်နေကြောင်း သိရသည်။

ထို့အပြင် တီးတိန်မြို့နယ်ရှိ အထက (၁) တီးတိန် နှင့် အထက (ခိုင်ကမ်း) ကျောင်းတို့ကိုလည်း ယနေ့တွင် စတင်ဖွင့်လှစ်ပြီး တက်ရောက်ကြသူ ကျောင်းသား/ သူ များပြား
ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လုံခြုံရေးယူ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

“တီးတိန်မှာတော့ တစ်ကျောင်းတည်းပဲ ဖွင့်နိုင်သေးတယ်။ အထက (၂) ကျောင်းလည်း ထပ်ဖွင့်လောက်တယ်။ အခုအထက (၁) ကျောင်း လာတက်တဲ့သူတွေ ပိုများနေတယ်။ ကျောင်းသားတွေက ဒီထက်ပိုများလာနိုင်တယ်။ ကလေးမြို့ အစပ် ခိုင်ကမ်းမြို့က စာသင်ကျောင်းလည်း ဒီမနက်မှာ ဖွင့်ထားပြီး ကလေးတွေ ကျောင်းတက်နေကြပြီ” ဟု တီးတိန်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထန်တလန်မြို့သည် စစ်ကောင်စီထိန်းချုပ်ထားသည့်မြို့ဖြစ်သော်လည်း ပြည်သူများ နေထိုင်ခြင်းမရှိသည့်အတွက်
စစ်တပ်အာဏာသိမ်းပြီးကတည်းက အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။

အလားတူ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် တွန်းဇံ၊ ဖလမ်း၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ စသည့်မြို့နယ်များတွင်လည်း ယခုနှစ်အတွက် အခြေခံ ပညာကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိပေ။

၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်း စစ်ကောင်စီ၏ အခြေခံပညာ စာသင်ကျောင်းများကို ယနေ့ ဇွန် ၂ ရက်နေ့မှစတင်ကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ပုံစာ- ခိုင်ကမ်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း အထက (ခိုင်ကမ်း)ကို တွေ့ရစဥ်။

#ဟားခါး #တီးတိန် #ခိုင်ကမ်းမြို့ #အခြေခံပညာကျောင်းများဖွင့်လှစ် #တက်ရောက်သူများပြား #Ayeyarwaddy_Times