
ဧရာဝတီတိုင်းမ်
ဇွန် ၂ ရက်
ကျောင်းဖွင့်ရာသီတွင် ငလျင်ကြောင့်ပျက်စီးနေသော စာသင်ကျောင်းများကိုပြုပြင်နိုင်ခြင်းမရှိဘဲ ပျက်စီးနေသည့်ကျောင်းပေါင်း ၂၅၀၀ ကျော်တွင် ကလေးသူငယ်များ ပညာသင်ကြားနေရကြောင်း Save The Childrenက ယနေ့ ဇွန် ၂ ရက်တွင် ထုတ်ပြန်သည်။
စစ်ကောင်စီရုံးများ အခြေစိုက်ရာ နေပြည်တော်တွင်ပင် ဇွန် ၂ ရက်မှ ၁၁ ရက်နေ့အထိ နံနက်ပိုင်းတွင် Grade 7 မှ Grade 12 တက်ရပြီး နေ့ခင်းပိုင်းတွင် KG, Grade 1 မှ Grade 6 အထိတက်ရကြောင်း နေပြည်တော်မြို့ခံများထံမှ သိရသည်။
ထို့ပြင် တက္ကသိုလ်ဝင်တန်းဖြေဆိုချိန်တွင် အခြေခံပညာကျောင်းများကို ပိတ်ထားမည်ဖြစ်ပြီး ကျောင်းပြန်ဖွင့်ချိန်တွင် တစ်ပိုင်းစီတက်ရမည်ဖြစ်ကြောင်းသိရသည်။
” အိမ်နဲ့ကျောင်းက ငလျင်လှုပ်လို့ ပျက်စီးသွားတယ်။ ကျောင်းဖွင့်ရာသီအစမှာ ကျောင်းအသစ် ပြန်ဆောက်စေချင်တယ်” ဟု အသက် ၁၀ နှစ်အရွယ် လေးတန်း ကျောင်းသား တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် အန္တရာယ်ရှိသည့် စာသင်ကျောင်းများတွင် နံနက်ပိုင်းနှင့် ညနေပိုင်း အချိန် နှစ်ချိန် ခြား၍ စာသင်ကြားရပြီး ယာယီစာသင်ကြားရေး အဆောင်များမရှိကြောင်း ငလျင်ဘေးသင့်ပြည်သူတစ်ဦးထံမှ သိရသည်။
” ကျောင်းက ကလေးတွေအတွက် အန္တရာယ်ကင်းတဲ့နေရာဖြစ်ပြီး တည်ငြိမ်မှုနဲ့ ထောက်ခံမှုကို ပံ့ပိုး ပေးဖို့လိုအပ်တယ် ” Save the Children အထူးအမှုဆောင်ဒါရိုက်တာ Abdurahman Sharif က ဆိုသည်။
ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ရာဒေသတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ ဖွင့်လှစ်ထားသည့် ကြားကာလ ပညာရေးကျောင်းများကိုလည်း ခေတ္တယာယီ ပိတ်ထားရန် NUG က ထုတ်ပြန်ထားပြီး NUG ၏ ကြားကာလပညာရေးကျောင်းပေါင်း ၆၀၀၀ ကျော်ရှိကြောင်းသိရသည်။
အင်အားပြင်းထန်ငလျင်လှုပ်ခတ်မှုကြောင့် တိုင်းနှင့်ပြည်နယ် ၁၀ ရှိ လူနေအိမ်၊ အခြေခံ အဆောက် အဦများအပါအဝင် စာသင်ကျောင်း ၂၄၀၉ ကျောင်း၊ အဆင်မြင့်ပညာကျောင်း ၇၂ ကျောင်းနှင့် ပုဂ္ဂလိကစာသင် ကျောင်း ၉၀ ကျောင်းပျက်စီးကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ကျောင်းများပြန်ဖွင့် #ငလျင်ဘေးသင့်ကျောင်းများ #မပြုပြင် #အချိန်ပိုင်းကျောင်းတက် #Ayeyarwaddy_Times