နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၂ ရက်

ပအိုဝ်းအချင်းချင်း သတ်ဖြတ်မှုမဖြစ်စေရန် ရှောင်လွှဲသော်လည်း ပအိုဝ်းပြည်သူ့စစ် (PNO) အဖွဲ့က စစ်ကောင်စီနှင့် ပူးပေါင်း၍ ၎င်းတို့၏ ရဲဘော်များကို ဖမ်းဆီးသတ်ဖြတ်နေကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ထံမှ သိရသည်။

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အဖွဲ့သည် ၎င်းတို့ဖမ်းဆီးထားသော စစ်သုံ့ပန်း PNLA ရဲဘော်များအနက် လေးဦးကို ပစ်သတ်ခဲ့သည့် ရုပ်သံဖိုင်ကို ဂျပန်သတင်းဌာန ကျိုဒိုက မေလ ၃၁ ရက်တွင် သတင်းထုတ်လွှင့်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်တွင် ယခုနှစ် ဇန်နဝါရီလ ၁၃ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ရဲဘော်ငါးဦး ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံရကာ ယခင်ကလည်း ထိုသို့ဖြစ်စဉ်များ ရှိခဲ့ကြောင်း PNLA ၏ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

“သူတို့က ငါးယောက်ကို တစ်ပြိုင်တည်းနဲ့ သတ်ဖြတ်တာတော့ မဟုတ်ဘူး။ တစ်ယောက်ကို အခြားနေရာမှာ သတ်တယ်။ ဒါက စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်” ဟု PNLA ပြောခွင့်ရ ခွန်ရိန်းယံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

PNO ပြည်သူ့စစ်အဖွဲ့က ထိုသို့သတ်ဖြတ်ခြင်းမတိုင်ခင် ဇန်နဝါရီလ ၁၂ ရက်က ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာအနီးသို့ စစ်ကြောင်းထိုး တိုက်ခိုက်လာ၍ PNLA နှင့် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူးတစ်ဦးအပါအဝင် ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း PNLA တပ်ဖွဲ့ဘက်မှလည်း ရဲဘော်တစ်ဦး ကျဆုံးကာ ငါးဦး ဖမ်းဆီးခံရပြီး PNO ပြည်သူ့စစ်က စစ်ကောင်စီနှင့်အတူ ပအိုဝ်းလူမျိုးကို ယခုလို ပြန်လည်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း PNLA က ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့အနေနဲ့ စစ်သုံ့ပန်းတွေ ဖမ်းမိတာရှိတယ်။ PNO ပြည်သူ့စစ်အဖွဲ့ဝင် ဗိုလ်မှူးအဆင့်ထိ ဖမ်းမိတာရှိတယ်။ ဒါပေမယ့် ဒီလိုမျိုး ညှင်းပန်းနှိပ်စက် သတ်ဖြတ်တာမျိုး လုံးဝ မလုပ်ခဲ့ဖူးပါဘူး” ဟု PNLA ပြောခွင့်ရက ဆိုသည်။

ယင်းအပြင် PNLA တပ်ဖွဲ့သည် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို ဥပဒေနှင့်အညီ ထိန်းသိမ်းထား၍ ပအိုဝ်းစာပေယဉ်ကျေးမှုဗဟို၊ ပအိုဝ်းရဟန်းသံဃာတော်အဖွဲ့တို့မှ မေတ္တာရပ်ခံလာသဖြင့် လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့သူများလည်း ရှိကြောင်း သိရသည်။

သို့သော် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်ကလည်း ရွာကိုအလည်ပြန်သည့် PNLA ရဲဘော်ငါးဦးကို ဖမ်းဆီး၍ သတ်ဖြတ်ခဲ့ကြောင်း PNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

“ပအိုဝ်းအချင်းချင်း သတ်ဖြတ်မှုမဖြစ်စေရန်အတွက် PNO ပြည်သူ့စစ်ကို ဦးစွာသွားရောက် တိုက်ခိုက်ခြင်း သို့မဟုတ် ညှင်းပန်းသတ်ဖြတ်ခြင်းမျိုး ကျွန်တော်တို့ဘက်က မပြုလုပ်ခဲ့ပါ။ မိမိကိုယ်ကို ကာကွယ်ခြင်းအနေဖြင့်သာ နေထိုင်နေခြင်း ဖြစ်ပါသည်” ဟု PNLA ပြောခွင့်ရ ခွန်ရိန်းယံက ပြောသည်။

လက်ရှိတော်လှန်ရေးသည် လူမျိုးတစ်မျိုး၊ နေရာဒေသတစ်ခု၏ တော်လှန်ရေးမဟုတ်ဘဲ စစ်အာဏာရှင် စနစ်ကို အပြီးတိုင် တိုက်ဖျက်ရန် ဆင်နွှဲနေကြသော တော်လှန်ရေးဖြစ်၍ ပအိုဝ်းလူမျိုးအချင်းချင်းသည် ရန်သူမဟုတ်ဟု PNLA က ဆိုသည်။

ဓာတ်ပုံ- PNLA

#ပအိုဝ်း #အချင်းချင်းသတ်ဖြတ်မှု #PNO #စစ်ကောင်စီပူးပေါင်း #PNLA #ဖမ်းဆီးသတ်ဖြတ် #Ayeyarwaddy_Times