
ဧရာဝတီတိုင်းမ်
ဇွန် ၂ ရက်
ဧရာ၀တီတိုင်းရှိမြို့နယ်များတွင် ဇွန် ၁ ရက်နေ့ကစတင်ပြီး စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲနှင့် ပြည့်သူစစ်တပ်ဖွဲ့ဝင်များက မြို့တွင်းနေရာပေါင်းစုံအပါအ၀င် ရပ်ကွက်များအထိ လိုင်စင်မဲ့ဆိုင်ကယ်များကို ရှာဖွေဖမ်းဆီးကာ ငွေတောင်းယူမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။
မြို့တွင်းနေရာစုံတွင် အဖွဲ့များဖွဲ့ပြီးဖမ်းဆီးကာလိုင်စင်မဲ့ဆိုင်ကယ်၊ ကားများကို တရားမ၀င် ကုန်သွယ်မှု ဥပဒေအကြောင်းပြချက်ဖြင့် ငွေတစ်သိန်းမှငါးသိန်းအထိ တောင်းခံနေကြောင်း မြို့ခံအချို့၏ပြောကြားချက်အရ သိရသည်။
“လိုင်စင်တွေလဲလုပ်မပေးပဲနဲ့ ဥပဒေအရဆိုပြီး ဖမ်းတယ်၊တစ်ကယ်သိမ်းတာလဲမဟုတ်ဘူး။ ပြီးရင်ငွေနဲ့ပြန်ရွေးခိုင်းတာ ဆိုင်ကယ်အမျိုးအစားပေါ်မူတည်ပြီးပေးရတာ ၊ သူတို့အတွက်စီးပွားတောင်ဖြစ်နေတယ်”ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
မြန်အောင်နှင့် ကြံခင်းမြို့နယ်တို့တွင် ဆိုင်ကယ်အရောင်းဆိုင်များကို ရဲမှ လိုင်စင်မဲ့ဆိုင်ကယ်များ လာရောက်ဖမ်းဆီးမည့်အကြောင်း တစ်ရက်ကြိုအကြောင်း ကြားပြီးမှ လာရောက်စစ်ဆေးကာလိုင်စင်မဲ့ ဆိုင်ကယ်များ မတွေ့ရှိကြောင်း စစ်ကောင်စီပိုင်မီဒီယာများမှ သတင်းထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်းရှိ အခြေခံလူတန်းစားအများစုသည် လက်ရှိ ကုန်ဈေးနှုန်းအရလိုင်စင်မဲ့ ဆိုင်ကယ်စီကိုသာစီးနင်းနိုင်ကြပြီး ယခုကဲ့သို့ဖမ်းဆီးဒဏ်ရိုက်မှုများ ပြုလုပ်းခြင်းကြောင့် သွားလာလုပ်ကိုင်ရေး အခက်အခဲဖြစ်လာပြီး ရှာဖွေစားသောက်ရေးကိုပါ ထိခိုက်နိုင်ကြောင်းဒေသခံများက ပြောသည်။
စစ်ခေါင်းဆောင်က လိုင်စင်မဲ့ယာဉ်များကို တားဆီးရန်ပြောဆိုပြီးနောက် နိုင်ငံတစ်ဝှမ်း လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များကို ဖမ်းဆီးသည့် လုပ်ငန်းစဉ်များစတင်ခဲ့ခြင်းဖြစ်သည်။ အချို့သော နယ်စပ်နှင့်ဆက်စပ်နေသောမြို့များတွင် ဘုန်းကြီးကျောင်းဝန်းထဲအထိ ဝင်ရောက်ရှာဖွေဖမ်းဆီးနေကြောင်းသိရသည်။
#ဧရာ၀တီတိုင်း #လိုင်စင်မဲ့ကား #ဆိုင်ကယ် #စီမံချက် #ဖမ်းဆီး #ငွေတောင်း #Ayeyarwaddy_Times