
ဧရာဝတီတိုင်းမ်
ဇွန် ၂ ရက်
ယခုနှစ်ရက်အတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေမှတ်အထက်ကျော်လွန် ရောက်ရှိနေပြီး ယနေ့ ဇွန် ၂ ရက် နံနက်ပိုင်းတွင် မြစ်ရေ နှစ်လက်မ ကျဆင်းသွားသော်လည်း စိုးရိမ်ရေမှတ်အထက်ဆက်တည်ရှိနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မိုး/ဇလ) ထံမှ သိရသည်။
ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ ၁၁ နာရီ ၃၀ မိနစ်အထိ ၁နာရီအတွင်း ဧရာဝတီမြစ်ရေ နှစ်လက်မခန့် စတင်ကျဆင်းနေကြောင်း မြစ်ကြီးနားမြို့၊ မိုး/ဇလ ဦးစီးအရာရှိ ဦးနိုင်လင်းထွေးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။
လက်ရှိတွင် မြစ်ကြီးနားမြို့ရှိ အချို့ဒေသများ၌ မြစ်ရေဝင်ရောက်မှုကြောင့် နေအိမ်၊အဆောက်အအုံများ ရေလွှမ်း မိုးခံနေရကြောင်း၊ ရွှေ့ပြောင်းနေထိုင်သူများရှိကြောင်း ဒေသခံများထံမှ သိရသည်။
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်ထက် ကျော်လွန်ပြီး နောက်တစ်ရက်အတွင်း ၁ ပေခွဲခန့်မြင့်တက်နိုင်ကာ လာမည့် သုံးရက်အတွင်း ကချင်ပြည်နယ်တွင် မိုးသည်းထန်စွာဆက်လက်ရွာသွန်း၍ နေရာကွက်ပြီးမိုးကြီးနိုင်ကြောင်း မိုး/ဇလ က ထုတ်ပြန် ထားသည်။
ကချင်ပြည်နယ်တွင် မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဒေသများတွင် မြစ်ရေကြီးမှုအန္တရာယ်၊ မြေပြို၊ တောင်ပြိုအန္တရာနှင့် မြစ်ဝကျွန်းပေါ်ဒေသတွင် ကမ်းပါးပြိုခြင်းဖြစ်နိုင်၍ အထူး အသိပြုနေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာက အသိပေးထားသည်။
လက်ရှိတွင် ကချင်ပြည်နယ် ချီဖွေမြို့ ၊ ဆဒုံးမြို့နှင့် ဝိုင်းမော်မြို့နယ်ရှိ ကျေးရွာများရှိ စစ်ရှောင်များနှင့် ဒေသခံများမှာ ရေဘေးအန္တရာယ် ကြုံနေရကြောင်း ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ဓာတ်ပုံ – AZY
#မြစ်ကြီးနား #ဧရာဝတီမြစ်ရေမြင့်တက် #မနက်ပိုင်းရေကျ #စိုးရိမ်ရေမှတ်ရှိနိုင် #Ayeyarwaddy_Times