ဧရာ၀တီတိုင်းမ်
(တောင်ငူ) ဇွန် ၂ ရက်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် မေ ၂၀ ရက်နေ့က နေပြည် တော်၌ ကျင်းပသော အစည်းအဝေးတွင် လိုင်စင်မဲ့ မော်တော်ယာဥ်များကို ဖမ်းဆီးအရေးယူရန် ညွှန်ကြားခဲ့ပြီးနောက် နိုင်ငံအနှံ့ အပြားတွင် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား အရေးယူ ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာကြောင်းသိရသည်။

တောင်ငူမြို့တွင် ပြီးခဲ့သည် မေ ၃၀ ရက်နေ့မှ စတင်၍ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့် လမ်းသွားလမ်းလာ မော်တော်ဆိုင်ကယ်များကို စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်လာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဆိုင်ကယ်တွေအားလုံးက လိုင်စင်တွေနဲ့ကြီးပါပဲ။ လိုင်စင်မပါတဲ့ ဘီးတွေ မရောင်းပါဘူး။ အဖွဲ့စုံတော့ လာရှာသွားပါတယ် ” ဟု ဆိုင်ကယ် အရောင်းဆိုင် တာဝန်ရှိသူတစ်ဦးက ပြောသည်။

တောင်ငူမြို့ တောင်ဘက် ခပေါင်းတံတား နှင့် တောင်ငူ -သံတောင်လမ်း စုပေါင်းရုံးဝန်း ထိပ်များတွင် အဓိက ဖမ်းဆီးပြီး တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေသည့် ဆိုင်ကယ်ဝယ်ရောင်း ဆိုင်ငယ်များကို ဖမ်းဆီး အရေးယူခြင်း ၊ လမ်းသွားလမ်းလာ ဆိုင်ကယ်သမားများအား ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ် နေကြောင်း သိရသည်။

“လိုင်စင်မဲ့ ဆိုင်ကယ်တွေ အဓိက ဖမ်းတယ်။ လိုင်စင်မဲ့ ကားတွေတော့ ဖမ်းသံမကြားသေးဘူး ” ဟု တောင်ငူမြို့ခံတစ်ဦးက ဆိုသည်။

တောင်ငူမြို့တွင် လူဦးရေ သုံးသိန်းဝန်းကျင်နေထိုင်ပြီး ဆိုင်ကယ်များကို အခြေခံလူတန်းစားများ နှင့် တစ်နေ့လုပ် တစ်နေ့စား (လက်လုပ်လက်စား) သမားများက အဓိက အသုံးပြုကြသည်။

ပုံစာ-တောင်ငူမြို့ ဆိုင်ကယ်အရောင်းဆိုင် တစ်ဆိုင်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက် စစ်ဆေးနေသည်ကို တွေ့ရစဉ်။

#စစ်ခေါင်းဆောင်မင်းအောင်လှိုင် #လိုင်စင်မဲ့ယာဥ်များ #ဖမ်းဆီးအရေးယူ #အခြေခံလူတန်းစားများ #စီးနင်း #လိုင်စင်မဲ့ဆိုင်ကယ်များ #ဦးစားပေးဖမ်းဆီး #Ayeyarwaddy_Times