
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၂ ရက်
တနင်္သာရီ တိုင်း ၊ထားဝယ်မြို့နယ် ၊ ရှင်မုတ္ထီးကျေးရွာအုပ်စု ၊ စော်ဝရွာ သစ်ဆိမ့်ပင်ကျောင်း ပဓာန နာယကကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသသည် စစ်ကောင်စီတပ်ပစ်လိုက်သော လက်နက်ကြီးကျည်စထိမှန်၍ ဇွန် ၁ ရက် ညနေပိုင်းတွင် ပျံလွန်တော်မူသွားကြောင်း တပည့်သံဃာနှင့် ဒကာ၊ဒကာမများထံမှသိရသည် ။
ထားဝယ်မြို့ ၊ ရှင်မုတ္ထီးရွာအနီး ရွှေဂူတံတားရှိ စစ်ဆေးရေးဂိတ်တွင် ဇွန် ၁ ရက် မွန်းလွဲ တစ်နာရီခွဲခန့်အချိန်ကစပြီး စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်ကလက်နက်ကြီး နှင့် ဆက်တိုက် မြို့အတွင်းပစ်ခတ်ခဲ့ကြောင်းဒေသခံများကပြောသည်။
ထိုသို့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် သစ်ဆိမ့်ပင်ကျောင်းဝန်းအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲကာ ဆရာတော်ကျည်စထိမှန်၍ ပျံလွန်တော်မူခြင်းဖြစ်ကြောင်း ဆရာတော် ၏ တပည့်ရဟန်းတစ်ပါးကမိန့်သည်။
” ရွာထဲမှာ တိုက်ပွဲဖြစ်တော့ ရွာသားတွေကဆရာတော်ကျောင်းကိုပြေးပြီးလာကြတယ်။ရွာထဲမှာနေမရဲလို့လေ။အဲဒီအချိန်မှာ ဆရာတော်က နေနေတဲ့ ကျောင်းဆောင်ကနေပြီးရွာသားတွေအနားကို အားပေးစကားသွားပြောတယ်။အားပေးစကားပြောပြီး ဆရာတော်က ကျောင်းဆောင်ကနေ ပြန်အထွက်မှာ ဦးခေါင်းကို လက်နက်ကြီးအစစင်ပြီး တစ်ခါတည်းပဲ ပျံတော်မူတာပါ။ ဦးနှောက်တစ်ခြမ်းမရှိတော့ဘူးလို့သိရတယ်။လက်နက်ကြီးစမှန်တာကက ညနေ သုံးနာ ရီ ခွဲမှာပါ။ ဆရာတော်ရဲ့ ကျောင်းတိုက်အတွင်းအထဲမှာပဲထိတာပါ ။ အခုရွာမှာမီးကသေနေတယ်။ဒါကြောင့် ဆရာတော်ကိုကျောင်းတိုက်ကမီးစက်နှိုးပြီးပူဇော်ထားရတယ်။ ပစ်ခတ်သံတွေကငြိမ်သွားပြီ”ဟု ဆရာတော်၏ တပည့်ရဟန်းတစ်ပါးကဧရာဝတီတိုင်းမ်ကို မိန့်သည်။
ဆရာတော်သည် ပျံလွန်တော်မူချိန်တွင် သက်တော် ၆၆ နှစ် ၊သိက္ခာတော် ၄၆ ဝါ ရှိပြီဖြစ်ပြီး စျာပန အစီအစဥ်အား မည်ကဲ့သို့ဆောင်ရွက်ရမည်ကို ဆုံးဖြတ်၍မရသေးကြောင်း တပည့် ရဟန်းသံဃာများ နှင့် ဒကာ၊ဒကာမများထံမှသိရသည်။
“အခုက နယ်မြေအနေအထားကဘယ်လိုလည်းမသိရသေးဘူး။ဆရာတော်ရဲ့ အန္တိမစျာပန လုပ်ဖို့ကအားလုံးနဲ့တိုင်ပင်ရအုံးမယ်။စျာပနကိစ္စကိုပြောလို့မရသေးဘူး” ဟု အထက်ပါဆရာတော်က ဆက်လက်မိန့်ကြားသည်။
ယင်းအပြင် ရွှေဂူတောင်တိုက်ပွဲအတွင်း ရွှေဂူတောင်ခြေတွင်နေထိုင်သည့် အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးလည်း စစ်ကောင်စီပစ်လိုက်သောလက်နက်ကြီး ကျည်စထိမှန်သေဆုံးခဲ့သေးသည်ဟု ဒေသခံများကပြောသည်။
ပုံစာ ၊ပျံလွန်တော်မူသွားသော စော်ဝသစ်ဆိမ့်ပင်ကျောင်း ပဓာနနာယက ကျောင်းထိုင် ဆရာတော်
#ဘဒ္ဒန္တဣန္ဒောဘာသ #စစ်ကောင်စီ #လက်နက်ကြီးကျည် #ကျော်းထိုင်ဆရာတော်ပျံလွန်တော်မူ #တနင်္သာရီတိုင်း #ထားဝယ်မြို့နယ် #ရှင်မုတ္ထီးကျေးရွာအုပ်စု #စော်ဝရွာ #သစ်ဆိမ့်ပင်ကျောင်း #Ayeyarwaddy_Times