ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၂ ရက်
စစ်တွေမြို့နယ်အတွင်း ကွမ်းတောင်ကျေးရွာဘက်သို့ ရွေးတုအစိုးရစစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေသော်လည်း စစ်တွေတပ်နယ်နှင့် အဆက်အသွယ် ပြတ်တောက်မည်ကို စိုးရိမ်ရသောကြောင့် မင်းချောင်းတံ တားနှင့် ဆက်စပ်၍ ကြားခံစစ်နေရာငယ် သုံးခုခန့်အထိ နေရာယူထားရကြောင်း သိရသည်။
အာရက္ခတပ်တော် (AA) က ရွှေမင်းဂံရေတပ်စခန်း၊ ဒကစဌာနချုပ်၊ အမြင့်ကျွန်းနှင့် ရေချမ်းပြင်အပါအဝင် နေ ရာအများအပြားကို ပိတ်ဆို့တိုက်ခိုက်နေခြင်းကြောင့် ဒကစဌာနချုပ်နှင့် မြို့ပေါ်ရှိ တပ်မိသားစုဝင်အချို့သည် ရန်ကုန်နှင့်ဧရာဝတီတိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။
”စစ်တွေမြို့ပေါ်ကနေ ပထမအသုတ်တုန်းက NGO အဖွဲ့တွေနဲ့အတူ တပ်မိသားစုတွေပြေးတယ်။ အခု စစ်ရေး ပိုပြင်းထန်လာပြီး လေကြောင်းတိုက်ခိုက်မှုတွေပါဖြစ်လာလို့ ထပ်ပြေးကြတာလို့ သိရပါတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တွေမြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများတွင် ရွှေမင်းဂံရေတပ်စခန်းနှင့် နှစ်မိုင်ခန့်အကွာရှိ ရဲရိုးပြင်ကျေးရွာအနီးနှင့် အမြင့်ကျွန်းကျေးရွာအနီးတို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ဝါဘို၊ ခမောင်းတော၊ ချီလိုင်ဖင်းဘက်တွင်လည်း တိုက်ပွဲပြင်းထန်နေသည်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ကွပ်ကဲမှုအောက်ရှိ ခြေလျင်နှင့် ခြေမြန်တပ်ရင်းများဖြစ်သည့် ခလရ -၂၀၊ ခလရ -၂၃၂၊ ခလရ -၂၇၀၊ ခမရ -၃၄၄၊ ခမရ -၃၅၄ တို့နှင့်အတူ မြို့အတွင်းရှိ အမှတ် (၁၂) ရဲတပ်ရင်းနှင့် အမှတ် (၃၆) တပ်ရင်းတို့ ပါဝင်နေသည်။
ထို့အပြင် တိုက်ပွဲများ ပြင်းထန်လာချိန်တွင် မြို့ပေါ်ရှိ စစ်တပ်မိသားစုဝင်အချို့နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်အချို့မှာလည်း ကြိုတင်ထွက်ခွာမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
စစ်ရေးအခြေအနေအရ စစ်တပ်အနေဖြင့် ပေါက်တောနှင့် ပုဏ္ဏားကျွန်း နှစ်မြို့လုံးကို တစ်ပြိုင်နက်တည်း စစ် မျက်နှာဖွင့်ထားရခြင်းကြောင့် တိုက်စစ်အားအကန့် အသတ်များ ရှိနေနိုင်ပြီး AA ဘက်ကလည်း ကျန်သည့်မြို့နယ် ၃ခုကို သိမ်းပိုက်သွားမည်ဟု အချိန်ကိုက် ထုတ်ပြန်ကြေညာထားသည်။