(မီဇိုရမ်)၊ဧရာဝတီတိုင်းမ်
ဇွန် ၁ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်၊ ဗာဖိုင်းကျေးရွာတွင် မိုးများရွာသွန်း၍ မြေပြိုကျမှုဖြစ်ပွားပြီး မြန်မာစစ်ဘေးရှောင် မိသားစုဝင် သုံးဦးသေဆုံးကာ နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာစစ်ဘေးရှောင်များထံက သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့၏ မြောက်ဘက် ကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်၍ တိုက်ခိုက်ခဲ့သည့် မုန်းတိုင်းငယ်အရှိန်ကြောင့် ယမန်နေ့ မေ ၃၁ ရက်နေ့၊ မနက်မှစ၍ ကျန်ဖိုင်ခရိုင်တွင် မိုးများအဆက်မပြတ် ရွာသွန်းခဲ့ခြင်းဖြစ်သည်။

ယမန်နေ့မနက် ရွာသွန်းသည့် မိုးကြောင့် ကျန်ဖိုင်ခရိုင်၊ ဗာဖိုင်းကျေးရွာတွင် မြန်မာစစ်ဘေးရှောင်ငှားရမ်းနေထိုင်သည့် ဦးလဲန်းခွေထန်
နာ၏နေအိမ်သည် မြေပြိုကျသည့်ထဲမျောပါသွားသည့်အတွက် နေအိမ်ထဲရှိသူများလည်းအသက်သေဆုံး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“ဦးလဲန်းခွေထန်နာရဲ့ နေအိမ်အပေါ်ထက် လမ်းကနေ ပြိုတဲ့မြေနဲ့အတူ သူ့အိမ်လည်းပါသွားတာပါ။ အိမ်ထဲမှာရှိနေသူတွေလည်း ထွက်ပြေးဖို့အချိန် မရလိုက်ဘဲ အိမ်နဲ့အတူမြေပြိုတဲ့ထဲ မျောပါ ပိတ်မိပြီး သေဆုံး၊ ဒဏ်ရာရရှိကြတာပါ။ သေဆုံးသူတွေ အားလုံးက မိသားစုဝင်တွေပါ။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဥဦးပါတယ်” ဟု မြန်မာစစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသူများသည် အသက် (၇၁)နှစ်အရွယ် ဦးလဲန်းခွေထန်းနာ၊ ၎င်းသမီးဖြစ်သူ အသက် (၄၈) နှစ်အရွယ် ဒေါ်လာလ်နိုက် ထွာမ်မီးနှင့် ဒေါ်လာလ်နိုက် ထွာမ်မီး၏ ချွေးမဖြစ်သူ အသက် (၂၈)နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင် ဒေါ်လာလ်ရဲမ်နီအဲန်းအီးတို့ဖြစ်သည်။

ထို့အပြင် သေဆုံးသူ ကိုယ်ဝန်ဆောင်အမျိုးသမီး၏အမျိုးသားဖြစ်သူ အသက် (၂၆) နှစ်အရွယ် ဦးပဲခ့်မှင်းထန်းနာသည် ခြေတစ်ဖက်ပြင်းထန်ဒဏ်ရာရရှိပြီး အိမ်လာလည်သည့် ဧည်သည် အသက် (၄၇) နှစ်
အရွယ်ရှိ လာလ်ဇာမ်မာတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ အမျိုးသားက ခြေထောက်မှာ ဒဏ်ရာရတဲ့အတွက် ခွဲစိတ်ရတယ်။ နောက်အမျိုးသားကတစ်ယောက်က ပြင်းထန်ဒဏ်ရာ မဟုတ်ပေမယ် ဆေးကုသမှုခံယူရပါတယ်။ နှစ်ယောက်စလုံး ကျန်ဖိုင်
ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်” ဟု မြန်မာစစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါမြန်မာစစ်ဘေးရှောင်များသည် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မောစီကျေးရွာမှဖြစ်ပြီး သေဆုံးသူများ၏ ရုပ်အလောင်းများကို ယမန်နေ့ညနေပိုင်းတွင် ခရစ်ယာန်ထုံးစံဖြင့် ဗာဖိုင်းကျေးရွာတွင် သဂြိုလ်ပြီးကြောင်း သိရသည်။

#မီဇိုရမ်ပြည်နယ်#ကျန်ဖိုင်ခရိုင်# မြေပြိုကျ#မြန်မာစစ်ဘေးရှောင် ၃ ဦးသေဆုံး#၂ ဦးဒဏ်ရာရ#

#Ayeyarwaddy_Times