
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇွန် ၁ ရက်)
ပန်းပွင့်လေးတွေ အချိန်တန်ရင် ပွင့်လန်းလာရသလိုမျိုး၊ အမျိုးသားတွေရဲ့ မျိုးပွားအင်္ဂါဖြစ်တဲ့ လိင်တံထိပ်ဖူးကို ဖုံးအုပ်ထားတဲ့ အရေပြားဟာလည်း အရွယ်ရောက်လာတာနဲ့အမျှ ပွင့်လန်းပြီး ကျုံ့နိုင်၊ ဆန့်နိုင်ရပါတယ်။ အမျိုးသား လိင်အင်္ဂါထိပ်ဖူး ဖုံးအုပ်ထားသော အရေပြားနှင့် ပတ်သက်တဲ့ ကျန်းမာရေးအကြောင်းအရာတွေကို ကျွန်တော်တို့ လေ့လာကြည့်ရအောင်ပါ။
လိင်အင်္ဂါဖုံး အပေါ်ယံအရေပြားဖြတ်တောက်ခြင်း (Circumcision)
ယဉ်ကျေးမှု ဓလေ့ထုံးစံများအရ လိင်အင်္ဂါထိပ်ဖူးကို ဖုံးအုပ်ထားတဲ့ အရေပြား ဖြတ်တောက်ခြင်းကို ခေတ်အဆက်ဆက် ပြုလုပ်ခဲ့ကြပါတယ်။ အီဂျစ်ယဉ်ကျေးမှု လေ့လာသူတိုင်း Circumcision လုပ်ခဲ့ကြောင်း မှတ်တမ်းကို ကျောက်ထွင်းအနုပညာများတွင် တွေ့နိုင်ပါတယ်။
ဂျူးဘာသာဝင်နှင့် အစ္စလမ်ဘာသာဝင်များမှာ သားယောက်ျားလေးများကို ငယ်စဉ်ကပင် Circumcision အခမ်းအနားပြုလုပ်၍ ဘာသာရေးနှင့် ဆက်နွှယ်ပြီး ကျင့်သုံးလျက်ရှိကြပါတယ်။
#ပန်းငုံခြင်း(Phimosis, Paraphimosis)
အပေါ်ယံလိင်အင်္ဂါထိပ်ဖူးဖုံး အရေပြားကို လှန်လှောမရတဲ့ အခြေအနေ (Phimosis, Paraphimosis) မှာ ဆေးပညာကုသမှုအဖြစ် Circumcision ပြုလုပ်ကြရပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း အဖြစ်နည်းစေခြင်း၊ လိင်တံကင်ဆာဖြစ်ပွားခြင်းကို လျော့ကျစေခြင်း၊ HIV ပိုးကူးစက်နိုင်ခြေ လျော့နည်းစေခြင်း စတဲ့ ယူဆချက်တွေနဲ့ လိင်အင်္ဂါအရေပြားဖြတ်တောက်ခြင်းကို ပြုလုပ်ကြပါတယ်။
#လိင်အင်္ဂါအရေပြားဖြတ်တောက်ခြင်းကုသမှု
Circumcision ကို မွေးကင်းစကလေးငယ်များ၊ ဆော့ကစားနိုင်တဲ့ ကလေးအရွယ်တွေမှာ အများဆုံးပြုလုပ်ကြပါတယ်။ လူပျိုဖော်ဝင်ခါစ ကြီးကောင်ဝင်ချိန်နှင့် အရွယ်ရောက်လူကြီးဖြစ်ပြီးမှ လုပ်ကြသူတွေလည်းရှိပါတယ်။
အသေးစားခွဲစိတ်မှုဖြစ်တာကြောင့် ပိုးမွှားကင်းစင်တဲ့ ခွဲစိတ်ခန်းသုံးပစ္စည်းတွေနဲ့သာ ပြုလုပ်စေ လိုပါတယ်။ ထုံဆေး ဒါမှမဟုတ် မေ့ဆေး လိုအပ်သလို ပေးပြီးမှသာ နာကျင်မှုမရှိစေဘဲ ခွဲစိတ်ဖို့ လိုအပ်ပါတယ်။
ကျွမ်းကျင်မှုမရှိဘဲ အခြား နည်းလမ်း သို့မဟုတ် ပိုးသန့်စင်ထားခြင်းမရှိတဲ့ ခွဲစိတ်ကိရိယာတွေကို သုံးပါက မေးခိုင်ရောဂါဖြစ်ခြင်း၊ ပိုးဝင်ရောင်ရမ်းခြင်း၊ ပိုးဆိပ်ပျံ့နှံ့ခြင်းနှင့် နောက်ဆက်တွဲကျန်းမာရေး ပြဿနာတွေ ရှိတတ်တာကြောင့် လုံးဝ(လုံးဝ) သတိပြုဆင်ခြင်ရပါမယ်။
သွေးထွက်လွန်ခြင်း၊ ရောင်ရမ်းလွယ်ခြင်း၊ နာကျင်ခြင်းတို့ ဖြစ်နိုင်၍ ကျွမ်းကျင်သော ခွဲစိတ်ဆရာဝန်များနှင့်သာ ပြုလုပ်ကြရန် အကြံပြုအပ်ပါတယ်။
လိင်အင်္ဂါအရေပြားဖြတ်ပြီးသောအခါ မျိုးပွားအင်္ဂါသန့်ရှင်းရေး ထိန်းသိမ်းရန် ပိုမိုလွယ်ကူလာပြီး အနံ့အသက် လျော့နည်းစေပါတယ်။ ပန်းငုံနေသည့် အခြေအနေ (Phimosis) ကိုတော့ ခွဲစိတ်ပြီး ကုသနိုင်ပါတယ်။
#ခွဲစိတ်ကုသစရာမလိုသည့်အခြေအနေများ
ပန်းငုံနေသည့် အခြေအနေ (Phimosis) မှာတော့ မဖြစ်မနေ ဖြတ်တောက်ခွဲစိတ်ကုသရန် လိုအပ်ပြီး သဘာဝအတိုင်း အဆင်ပြေနေတဲ့ အမျိုးသားတွေအတွက်တော့ ခွဲစိတ်ဖို့ မလိုအပ်ပါဘူး။
ဖြတ်တောက်ခွဲစိတ်မှု မလုပ်ထားတဲ့ အမျိုးသားတွေအနေနဲ့ အားငယ်စရာ မလိုအပ်ဘဲ မျိုးပွားအင်္ဂါ သန့်ရှင်းရေးကိုသာ အထူးဂရုပြုပါ။ သန့်ရှင်းမှုကသာ အရေးအကြီးဆုံးဖြစ်ပါတယ်။
ဖုံးအုပ်ထားတဲ့ အရေပြားလေးအောက်က လိင်အင်္ဂါထိပ်ဖူးပေါ်မှာ အညစ်အကြေးနဲ့ အနံ့အသက်ဆိုး တွေ ရှိနေတတ်ပါတယ်။
ဒါကြောင့် အညစ်အကြေးတွေကို နေ့စဉ် တစ်ကြိမ်၊ နှစ်ကြိမ် ရေချိုးစဉ်ဖြစ်စေ၊ အိမ်သာအသုံးပြုပြီး ချိန်ဖြစ်စေ ဆပ်ပြာနှင့်ရေ အသုံးပြုပြီး စင်ကြယ်စွာ ဆေးကြောပေးရန် လိုအပ်ပါတယ်။ သန့်ရှင်းခြောက်သွေ့နေအောင် ဂရုစိုက်ပေးရန် လိုအပ်ပြီး မျိုးပွားအင်္ဂါကို သန့်ရှင်းစင်ကြယ်အောင် ထားခြင်းက လိင်တံကင်ဆာ၊ ယားနာနဲ့အခြားကျန်းမာရေးပြဿနာများကိုလည်း ကာကွယ်နိုင်ပါတယ်။
ညီအစ်ကိုများအားလုံးလည်း မိမိတို့ရဲ့ မျိုးပွားအင်္ဂါ ကျန်းမာရေးကို အထူးဂရုစိုက်ကြပါဖို့ တိုက်တွန်းရင်း ကျန်းမာရေးသုခနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။
ဧရာဝတီတိုင်းမ် ပရိသတ်များအတွက် နောက်တစ်ပတ်မှာတော့ “အစာအာဟာရနဲ့ စွမ်းအင်ခွန်အား” ကျန်းမာရေးဆောင်းပါးလေး ဖော်ပြပေးမှာဖြစ်တာကြောင့် စောင့်မျှော်အားပေးကြပါဦး ခင်ဗျာ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #အမျိုးသားလိင်အင်္ဂါအရေပြားဖြတ်တောက်ခြင်း #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန်နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိ ပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)