(ပလက်ဝ)၊ဧရာဝတီတိုင်းမ်
ဇွန် ၁ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ တွီဒန်းကျေးရွာနှင့် ကာကီးကျေးရွာရှိ ပလက်ဝမြို့နယ် စစ်ဘေးရှောင်များ၏နေအိမ် ၁၃၀ ကျော် ရေနစ်မြုပ်ပြီး အကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများထံက သိရှိရသည်။

လောင်တလိုင်ခရိုင်တွင် မေ ၃၀ ရက်နေ့မှစ၍ အဆက်မပြတ်ရွာသွန်းသည့် မိုးကြောင့် ကုလာတန်မြစ်ရေကြီးမှုဖြစ်ပေါ်ပြီး တွီဒန်းကျေးရွာနှင့် ကာကီးကျေးရွာရှိ စစ်ဘေးရှောင်များ၏ နေအိမ်များ ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“လူတွေက ထိခိုက်မှုမရှိဘူးပေါ့။ ဒါပေမယ့် မြစ်ကမ်းဘေးမှာ ဆောက်ထားတဲ့ နေအိမ် ၁၃၀ ကျော်လောက်က ရေထဲနစ်မြုပ်သွားပါတယ်။ ပြီးတော့ ရေစီးနဲ့မျောပါသွားတဲ့ နေအိမ်တွေလည်းရှိတာပေါ့လေ။အခုလူတွေကိုတော့ လုံခြုံတဲ့နေရာတွေမှာ ပြောင်းရွှေ့ခိုင်းထားပါတယ်” ဟု ပလက်ဝစစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ဘေးရှောင်များသည် ပစ္စည်းများ ရွှေ့ပြောင်းချိန်မရလိုက်သည့်အတွက် ၎င်းတို့စုဆောင်းထားသည့် စားနပ်ရိက္ခာများ၊ အဝတ်အထည်များ၊ စောင်များ၊ အိမ်အသုံးဆောင်ပစ္စည်းများလည်း ပျက်စီးဆုံးရှုံးသွားကြောင်းသိရသည်။

“ဆန်တွေ ရေထဲအကုန်ပါသွားတော့ စားစရာတွေ ဝယ်ယူဖို့ ငွေကြေးတွေလိုအပ်တယ်။ ပျက်စီးသွားတဲ့အိမ်တွေ ပြန်ဆောက်ဖို့ သစ်တွေ၊ ဝါးတွေလိုအပ်တယ်။ အနည်းငယ်ပျက်စီးသွားတဲ့အိမ်တွေဆို ပြုပြင်ရမယ်။အမိုးကာတွေ ဝယ်ရမယ်။ဒါကြောင့် ငွေကြေးအရေးပေါ်

လိုအပ်နေတယ်” ဟု စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယမန်နေ့ မေလ ၃၁ ရက်နေ့တွင် ရွာသွန်းသည့်မိုးကြောင့် လောင်တလိုင်ခရိုင်အတွင်းတွင် မြေပြိုမှုကြောင့် နေအိမ်များပြိုကျခြင်း၊ လူများ ပိတ်မိနေခြင်းနှင့် ရေကြီးမှုတို့ကြောင့် နေအိမ်များ ရေမြုပ်ခြင်းတို့ဖြစ်ပေါ်နေသည်။

#မီဇိုရမ်ပြည်နယ် #လောင်တလိုင်ခရိုင် #ပလက်ဝစစ်ဘေးရှောင် #နေအိမ်၁၀၀ကျော် #ရေနစ်မြုပ် #အကူအညီလိုအပ်#
#Ayeyarwaddy_Times