
ဧရာဝတီတိုင်းမ်
ဇွန် ၁ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်ရှိကျောင်းများတွင် ကျောင်းလာမအပ်သည့် ကျောင်း သား၊ ကျောင်းသူများ၏ အမည်စာရင်းများကောက် ယူပြီး မိဘများကိုခေါ်ယူဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
တိုင်းညွှန်ကြားချက်အရ ကျောင်းသားလက်ခံသည့် ရာခိုင်နှုန်းမပြည့်မီသော ကျောင်းများတွင် အသက်ပြည့်ပြီး ကျောင်းလာမအပ်သည့် မိဘများကိုခေါ်ယူ ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါစာရင်းများကို ယနေ့ ဇွန် ၁ ရက်နေ့ နောက်ဆုံးထား၍ မြို့နယ်ပညာရေးမှူးထံ ပေးပို့ရမည်ဟု ညွှန်ကြားထားသည်။
“ကျောင်းသားလက်ခံတဲ့ရာခိုင်နှုန်းသတ်မှတ်ထားတယ်။ အဲဒီကျောင်းတွေမှာ ကျောင်းမအပ်တဲ့ကလေး တွေရဲ့စာရင်းပြုစုပြီး မိဘတွေကိုခေါ်ဆွေးနွေးမယ်ပြောတယ်။ စာရင်းတွေကိုလည်း ကျောင်းဖွင့်ရက်မတိုင်ခင် ပညာရေးမှူးရုံးပေးပို့ရမယ်လို့ပြောတယ်”ဟု အင်္ဂပူမြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အင်္ဂပူမြို့နယ်၊ လေးမျက်နှာမြို့နယ်နှင့် ရေကြည်မြို့နယ်တို့တွင် ယခုလတ်တလော စစ်ရေးတင်းမာနေပြီး အဆိုပါမြို့နယ်များမှ ကျေးရွာများမှာလည်း ဒေသခံများ စစ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
သို့သော်လည်း မြို့နယ်ပညာရေးမှူးဖြစ်သူမှ ကျောင်းမအပ်သည့် ကျောင်းသားမိဘများထံ စာပို့၍ခေါ်ယူ ဆွေးနွေးမည့်အကြောင်းကို ညွှန်ကြားစာများ ပေးပို့ထားကြောင်း သိရသည်။
စစ်ကောင်စီက ရွေးကောက်ပွဲစာရင်းကောက်ယူရန် ကြိုးစားနေပြီး ဧရာဝတီတိုင်းအတွင်းရှိ ကျောင်းများမှ တစ်ကျောင်းလျှင် ဆရာ၊ဆရာမ အနည်းဆုံးနှစ်ဦးကို စာရင်းတောင်းခံနေကြောင်း သိရသည်။
“လေးမျက်နှာထဲမှာ စစ်ကောင်စီစီမံအုပ်ချုပ်ပိုင်ခွင့် လက်လွှတ်ထားရတဲ့ ကျေးရွာတွေရှိတယ်။ အဲဒီကျေးရွာတွေက သန်းခေါင်စာရင်းတွေကိုပါ ရွေး ကောက်ပွဲအတွက် လိုက်ကောက်ခိုင်းမယ့် အနေ အထားရှိနေတယ်။ ရပ်ရွာအုပ်ချုပ်ရေးမှူးနဲ့ ဆရာမတွေ ညှိပြီးဆင်းရမယ်ထင်တယ်”ဟု ပညာရေးအသိုင်း အဝိုင်းကဆရာမတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြော သည်။
ရွေးကောက်ပွဲစာရင်းကောက်ယူရန် သင်တန်းပေးမည်ဖြစ်ပြီး အဆိုပါသင်တန်းကို ရွေးချယ်ထားသည့် ဆရာ၊ ဆရာမများမှ သင်တန်းကာလ နှစ်ရက်တက်ရောက်ရမည်ဖြစ် ကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။
#ဧရာဝတီတိုင်း #အင်္ဂပူ #ကျောင်းမအပ်သည့် #ကျောင်းသားမိဘ #ခေါ်ယူ #ဆွေးနွေးမည်
#Ayeyarwaddy_Times